နေပြည်တော် ၂၃ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ယင်းမျှော်မှန်းချက်အား လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေမည့် “Korea Vocational Training Center” စီမံကိန်းကိုအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea Foundation For Life and Culture Movement (FLCM Foundation)တို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆) ၌ ကျင်းပသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သောထုတ်လုပ်မှု နည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို အသုံးပြုပြီးကြီးထွားလာသော ပြည်တွင်း ပြည်ပ ဈေးကွက်ဝယ်လိုအားနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သောစားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန် ဟူသော လုပ်ငန်းတာဝန်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ FLCM Foundationတို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ Korea Vocational trainings Centre တစ်ခု တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဂုဏ်ပြုအပ်ပါကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေက ပြောကြားသည်။
ထို့နောက် တောင်ကိုရီးယားနိုင်ငံ ဂူမီမြို့တွင် အခြေစိုက်ဖွဲ့စည်းထားသည့် FLCM Foundation က အမေရိကန်ဒေါ်လာ (၉)သိန်းကျခံကာ ရန်ကုန်မြို့တွင် Korea Vocational trainings Centre အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်နှင့် FLCM Foundation မှ ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါစီမံကိန်းသည် ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ခဲ့ခြင်းမရှိသည့် လူငယ်လူရွယ်များကို ကိုရီးယားနည်းပညာဖြင့် သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများ လေ့လာသင်ယူခွင့် ရရှိစေမည်ဖြစ်ကာ ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်အလုပ်ရုံလုပ်ငန်းများ တည်ထောင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းများကို နေပြည်တော်ရုံးချုပ်၌ လစဉ်ဖွင့်လှစ်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီး / ပြည်နယ်များတွင်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သင်တန်းပေါင်း (၅၀၂)ကြိမ် ဖွင့်လှစ်ပြီး သင်တန်းသား (၁၀၃၆၃)ဦးအား အသက်မွေးဝမ်းကျောင်း အတတ်ပညာများ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်းသင်တန်း (၃၆၅)ကြိမ် ဖွင့်လှစ်ဆောင်ရွက်ရန် လျာထားပါကြောင်း၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ဒေသအသီးသီး၏ တောင်းဆိုမှုများဖြင့်လည်း အသက်မွေးဝမ်းကျောင်း အတတ်ပညာများဖြန့်ဝေပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ပြောကြားခဲ့သည်။
ညီညီသန်း(နေပြည်တော်)


