ရန်ကုန် ၂၃ နိုဝင်ဘာ
ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲကြီးနှင့် အဋ္ဌမအကြိမ် ပန်းပုဆုပေးပွဲကြီးကို ယခင်နှစ်များကဲ့သို့ ဆရာစံပလာဇာ၌ ကျင်းပခြင်းမပြုဘဲ ပဲခူး(၁၀)မိုင်ကုန်းရှိ Shwe Pyi Resort (ရွှေပြည်ပန်းပုရွာ)တွင် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကာ ပြည်သူများ အခမဲ့၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ယနေ့ ဆရာစံပလာဇာ၌ပြုလုပ် သောစာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
"ဒီနှစ်ကတော့ ရန်ကုန်မြို့မှာ မကျင်းပတော့ဘဲ ပဲခူး ၁၀ မိုင်ကုန်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီလိုပြသရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာမှာ သစ်သားပန်းပု အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် ထုတ်ဖော်ပြသလိုရင်း ဖြစ်ပါတယ်"ဟု ပန်းပုပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းကပြောသည်။
၂၀၀၈ ခုနှစ် မေလတွင် ပြင်းထန်စွာတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြီးကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့်၊ တိုင်းဒေသကြီးရှိ အဆောက်အဦးများနှင့် သစ်ပင်ကြီးငယ်များ၊ လူနှင့် တိရစ္ဆာန်ပေါင်းများစွာ၏ အသက်များ ဆုံးရှုံးပျက်ဆီးခဲ့ရကြောင်း၊ နိုင်ငံတော်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြိုလဲပျက်စီးနေသည့် သစ်ပင်ကြီးငယ် အပိုင်းအစများကို သစ်သားပန်းပုပညာရှင်များနှင့် ပူးပေါင်း၍ ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးက ငွေအား လူအား ပညာအားဖြင့် ပန်းပုရုပ်ကြီးငယ်များ စတင်ထုလုပ်ခဲ့ကြောင်း၊ ပန်းပုပညာရှင်များ၏ ပန်းပုလက်ရာများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၀၉ ခုနှစ်မှ စတင်ကာ ပန်းပုပြိုင်ပွဲကြီးများ စတင်ပြုလုပ်ခဲ့ရာ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များအထိ(၇)ကြိမ်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်ပေါင်း (၂၀)မှ ပြိုင်ပွဲဝင်များ၏ အရုပ်ပေါင်း (၂၂၇)ရုပ် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဆုကြေးငွေများကိုလည်း တိုးမြှင့်ပေးလျက်ရှိရာ စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမထုအဖြစ် သိန်းတစ်ရာ၊ ဒုတိယဆု (၇၅)သိန်း၊ တတိယဆု သိန်း(၅၀)နှင့် အထူးဆု(၁၀)ဆုကို၊ တစ်ဆုလျှင် (၁၀)သိန်းနှုန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ မော်ဒန်ပြိုင်ပွဲတွင် ပထမဆုအဖြစ် (၇၅)သိန်း၊ ဒုတိယဆု သိန်း(၅၀)နှင့် တတိယဆု သိန်း(၃၀)တို့ကို ချီးမြှင့်သွားမည်ဖြစ်ပြီး အထူးထု(၅)ဆုကို (၁၀)သိန်းနှုန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယဆုရသူများကို ရွှေငါးမူးသားဆုတံဆိပ်များပါ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပြိုင်ပွဲကြီး၏ ဆုချီးမြှင့်ပွဲနှင့်အတူ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ ပြိုင်ပွဲနှင့် အရောင်းပွဲတော်ကြီးတို့ကိုလည်း ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း၊ ဓာတ်ပုံ-တင်စိုး


