မြိတ် ၂၃ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောကျေးရွာတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ ဗဟုသုတရရှိစေရန်နှင့် အသိဉာဏ်တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် သံသရာအေးဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆရာတော်နှင့် ပရဟိကာရီ လူမှုအထောက်အကူပြုအသင်းမှ ဦးစီး၍ အနာဂတ်လူငယ်နှင့် ငြိမ်းချမ်းသော နိုင်ငံတော်ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို မဇောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီက ကျင်းပခဲ့သည်။
စာပေဟောပြောပွဲတွင် မြိတ်မြို့နယ် စာရေးဆရာများသမဂ္ဂဥက္ကဋ္ဌ ဦးလွင်အောင်(နရီ-မြိတ်)က အနာဂတ်လူငယ်နှင့် ငြိမ်းချမ်းသောနိုင်ငံ ခေါင်းစဉ်နှင့် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ဗေလုဝက စပ်မိစပ်ရာ ခေါင်းစဉ်တို့ဖြင့် မဇောကျေးရွာနှင့် အနီးအနားကျေးရွာများမှ ပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စာပေချစ်မြတ်နိုးသူများအား ဟောပြောခဲ့ကြသည်။
“ကျွန်တော်တို့ဟောပြောတဲ့အခါမှာ ကျေးရွာအုပ်စုတစ်ခုလုံးနီးပါး လူပေါင်းမြောက်များစွာ လာကြ တော့ ကြက်သီးမွေးညင်းထလောက်အောင် ပျော်မိပါတယ်။ အခုချိန်မှာ စိန်ခေါ်မှုအနေနဲ့ မူးယစ်ဆေးဝါးကြီးမား ကျယ်ပြန့်မှုဟာ လောင်းကစားထက် ကြီးကျယ်ထင်ရှားလာတာ တွေ့ရပါတယ်။ အထူးသဖြင့် လူငယ်တွေအသိ တရားရှိရင် မူးယစ်ဆေးဝါးနှင့် ထိပ်တိုက်တွေ့တာ မစားဘူးကွလို့ သတ္တိရှိနေရင် အဲလိုသတ္တိမျိုးကို မွေးပေးနိုင်ရင် အရာရောက်ပါလိမ့်မယ်။ အသိတရား တစ်ယောက် ချွတ်ယွင်းသွားရင် သူ့ကိုမှီခိုစားသောက်တဲ့ သားသမီးတွေရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အများကြီးဆုံးရှုံးသွားမယ်။ ဒီအသိတရားမျိုးကို ရစေချင်တယ်။ ဒီလိုမျိုးကျေးရွာတွေကို သွားပြီးဟောပြောမယ်လို့ သန္ဓိဌာန်ချထားပါတယ်” ဟု ဦးလွင်အောင်(နရီ-မြိတ်) က ပြောသည်။
အနာဂတ်လူငယ်နှင့် ငြိမ်းချမ်းသော နိုင်ငံတော်ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို မြိတ်မြို့တွင် သံသရာ အေးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး သဘွတ်ကျေးရွာတွင်လည်း နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


