နေပြည်တော် ၂၄ နိုဝင်ဘာ
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၁၉ (Myanmar Sustainable Development Plan- MSDP 2018-2019) ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည်။ ၂၀၁၈ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ မဟာဗျူဟာစီမံကိန်းတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများသာမက ကဏ္ဍပေါင်းစုံ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုအစီအမံ များစွာပါဝင်နေသည်။
MSDP သည် စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်မှုအတွက် ပုဂ္ဂလိကကဏ္ဍကို အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ထားသည်။ နိုင်ငံ၏စီးပွားရေးတွင် ဈေးကွက်ကို အခြေခံသည့် ဆောင်ရွက်ချက်များကို ဦးစားပေးထားသည့်အတွက်ရှိပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာဖြင့် လုပ်ကိုင် ဆောင်ရွက်နေမှုများသည် ပုဂ္ဂလိက ကဏ္ဍအား တိုးတက်မြှင့်တင်ပေးမည့် မဟာဗျူဟာများအပေါ် အားဖြည့်ပေးမှု တစ်ရပ်ပင်ဖြစ်သည်။
လက်ရှိတွင် စီးပွားရေးအနေအထားအရ စိုက်ပျိုးရေးကဏ္ဍနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းကဏ္ဍများသည် စီးပွားရေးမြှင့်တင်မှုသာမက အလုပ်အကိုင်ဖန်တီးရေးအတွက် အရေးကြီးသည့် ဇာစ်မြစ်များ ဖြစ်သည်။ ဤကဏ္ဍများနှင့် စပ်လျဉ်း၍ အစိုးရသည် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် အရည် အသွေးမြင့်မား သည့် အလုပ်အကိုင်များပေါ်ထွန်းရေးအတွက် ဒစ်ဂျစ်တယ်စီးပွားရေးကို အလေးထားလျက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် ဖန်တီးမှုနှင့် တီထွင်ဆန်းသစ်မှု အခန်းကဏ္ဍများကို မြှင့်တင်အားပေးနေသည်ကို တွေ့ရသည်။
မကြာသေးမီနှစ်များက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေနှစ်ရပ်စလုံးကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေနှစ်ရပ်စလုံးတွင် အခွန်ဆိုင်ရာမက်လုံးများ၊ အခြား အခွင့်အရေးများ၊ အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးလုပ်ငန်းများ ပါဝင်နေသည်။ သို့ရာတွင် ရှင်းလင်းသည့် ဥပဒေနှင့်စည်းမျဉ်းများအပြင် ခန့်မှန်းရ လွယ်ပြီး လွယ်ကူချောမွေ့ကာ လိုက်လျောညီထွေရှိသည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ် ကျယ်ကျယ်ပြန့်ပြန့် ဖန်တီး ပေးရန် အရေးကြီးသည်။ ယင်းကို နိုင်ငံတော်အစိုးရက လက်ခံထားသည်နှင့်အညီ လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက် ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ သိသိသာသာတိုးတက်လာသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဖို့ လွယ်ကူမှု ၂၀၂၀ အစီအရင်ခံစာတွင် မြန်မာနိုင်ငံ၏ ရမှတ်သည် ၄၆ ဒသမ ၈ ရရှိခဲ့သည်။ ယခင်နှစ် ရမှတ် ၄၃ ဒသမ ၅ ထက် ပျမ်းမျှရမှတ် ၃ ဒသမ ၃ တိုးတက်ရရှိခဲ့ပြီး ယခင်နှစ် ရရှိခဲ့သည့်အဆင့် ၁၇၁ မှ အဆင့် ၆ ဆင့် တက်လာခဲ့သည်။ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲဆောင်ရွက် ရာ၌ တိုးတက်မှုအကောင်းဆုံး နိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သည့် အတွက် ထူးခြားသည့် အောင်မြင်မှုရလဒ် ကောင်းတစ်ခုကို ရရှိခဲ့သည်။
အဆိုပါအောင်မြင်မှုသည် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ၏ ရလဒ်ကောင်းတစ်ခုဖြစ်ပြီး အချိန်တိုကာလ အတွင်း အစိုးရနှင့်ပြည်သူ လက်တွဲညီညီဆောင်ရွက်နိုင်မှုကြောင့် ဖြစ်သည်။ ထိုအောင်မြင်မှုကို ရပ်တန့်မနေစေဘဲ ဆက်လက်ထိန်းသိမ်းပြီး မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းကဏ္ဍအသီးသီး၊ ပုံစံအသီးသီးတို့တွင် ယခုထက် ပိုမိုလွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက် နိုင်စေရေးအတွက် ဆက်လက်အားစိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ပါ၍ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်မှုနှင့် မြန်မာ့စီးပွားရေး တိုးတက်မှုတို့ကို နိုင်ငံတကာသို့ပါ ဆက်လက်ဖြန့်ကြက် ဆောင်ရွက် နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ယခုထက်ပိုမို ဝိုင်းဝန်းပူးပေါင်း မြှင့်တင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း