မြန်အောင် ၂၄ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ထူကျေးရွာအုပ်စု ထူအလယ်စုကျေးရွာ ရွှေဘုန်းမော်ကပ်ကျော် ဘုရားတန်ဆောင်းတွင် နိုဝင်ဘာ ၂၃ ရက်က မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံခဲ့ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “လူထုတွေ့ဆုံပွဲဆိုတာ ပြောင်းလဲလာတဲ့ အုပ်ချုပ်ရေးစနစ်တွေကို စတင်အကောင်အထည်ဖော်လာတဲ့ သဘောပါ၊ ဒေသခံပြည်သူနဲ့ အစိုးရဌာနဆိုင်ရာတွေ တစ်ဦးနဲ့တစ်ဦး လက်တွဲညီညီ အလုပ်လုပ်နေတာကို ပုံဖော်နေခြင်းဖြစ်ပါတယ်၊ လက်ညှိုးထိုး အပြစ်ပြောနေတဲ့ အချက်အလက်တွေနဲ့ နိုင်ငံတော်ကို တည်ဆောက်လို့မရပါဘူး”ဟု ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုမှ ဒေသခံပြည်သူများအနေဖြင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးနိုင်ရန် ယခုလို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲများ လုပ်ပေးခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဌေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးမှူး ဦးအေးသွင်က ကျန်းမာရေးဆိုင်ရာများနှင့် ပညာပေး ဗဟုသုတများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများမှ နယ်မြေဒေသ လိုအပ်ချက်များကို တောင်းဆိုတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ပြောကြားပြီး ဒေသခံပြည်သူများအား အခမဲ့ဆေးကုသခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စာရင်းများ ပြုလုပ်ပေးခြင်း စသည့် ဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


