ပွင့်ဖြူ ၂၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောလွင်က မြို့နယ်အတွင်း စာဖတ်သူဦးရေ တိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာသင်ကျောင်းများသို့ သွားရောက်ပြီး စာစီစာကုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ရန် လုပ်ငန်းများ၊ ကလေးစာဖတ်ဝိုင်းများ စီစဉ်ကျင်းပပြုလုပ်သွားရန် အစီအစဉ်များ၊ အသင်းရန်ပုံငွေ တိုးပွားရေး ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် အသင်းဝင်ဦးရေ တိုးပွားရေး စည်းရုံးဆောင်ရွက်သွားရန် ကိစ္စရပ်များကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင်များက အသင်းရေရှည် တည်တံ့ရေးအတွက် ရန်ပုံငွေတိုးပွားရေးနှင့် အသင်းဝင်ဦးရေ တိုးပွားရေး ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ လူစည်ကားရာ နေရာဖြစ်သော မြို့တွင်း ပွင့်မာလာပန်းခြံအတွင်း ကလေးစာဖတ်ဝိုင်းများ စီစဉ်ကျင်းပရန် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောလွင်နှင့် အသင်းအဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


