ဝန်းသို  ၂၄  နိုဝင်ဘာ

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ  စနစ်တကျ စိုက်ပျိုးနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက အမှာစကားပြောကြားပြီး ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းလေ့ကျင့်ရေးစိုက်ကွင်းသို့ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများက ကြည့်ရှုလေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး GAP စနစ်အကြောင်း သိကောင်းစရာများ၊ ပိုးမွှားရောဂါအကြောင်း သိကောင်းစရာများ၊ မြေအသုံးချခြင်းဆိုင်ရာ သိကောင်းစရာများ၊ မြေပဲသီးနှံ စိုက်ပျိုးနည်းနှင့် ဖရဲသီးနှံ စိုက်ပျိုးနည်း စသည့် ဘာသာရပ်များကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို အစားအစာများ စားသုံးခြင်းမှ ဖြစ်ပေါ်စေတတ်သော ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချယုံကြည်မှု ရရှိစေရန်၊ သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ထိန်းသိမ်းကာကွယ်နိုင်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ထူထောင်လာနိုင်ရန်နှင့် လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘဝ သာယာဝပြောရေးကို အလေးထား ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)