မုံရွာ  ၂၄  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့နယ် ခိုးသန်းကျေးရွာ၊ ညောင်ပင်လှကျေးရွာနှင့်  ညောင်ပင်သာ ကျေးရွာသုံးရွာ၌ အဝီစိစက်ရေတွင်း တူး‌ဖော်ပေးနိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာ တည်ရှိမည့်နေရာကို ယနေ့နံနက်ပိုင်းက GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ထိုသို့ GP Survey တိုင်းတာမှုများ ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်လျက်ရှိ‌သော မြေအောက်ရေတိုင်းတာခြင်း နည်းပညာသင်တန်းမှ သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဝင်းနှင့် သင်တန်းသား ၂၁ ဦးတို့က မြေအောက်ရေအောင်းလွှာတည်ရှိမည့် နေရာကိုလက်‌တွေ့ ကွင်းဆင်းကာ GP Survey တိုင်းတာမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာသုံးရွာ၌ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် လေးလက်မ အဝီစိစက်ရေတွင်း သုံးတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက ပြောသည်။


GP Survey တိုင်းတာမှုများ ပြုလုပ်ပေးခြင်းကြောင့် အဝီစိစက်ရေတွင်း တူးဖော်ပေးရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်းအ‌သွေး ကောင်းမွန်မှုမရှိခြင်း စသည့်အခက်အခဲများ လျော့နည်းစေနိုင်ကြောင်း   မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက ပြောသည်။

 

ငြိမ်းသူ