ထားဝယ် ၂၄ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ဒေသတွင်း အဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံ စွန့်ဦးတီထွင် လူငယ်များအသင်း၊ BEAM Foundation နှင့် USAID အဖွဲ့များ၏ ပံ့ပိုးကူညီမှုများဖြင့် ကမ္ဘာ့လုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က စွန့်ဦးတီထွင်မှုသည် စမ်းသစ်သော တွေးခေါ်တီထွင်ကြံဆမှုများကို ဖော်ထုတ်အသုံးချခြင်းဖြစ်ကြောင်း၊ စွန့်ဦးတီထွင်နိုင်သူများ ပေါ်ထွက်လာအောင် လုပ်ဆောင်ရန် လိုအပ်သလို ရှိပြီးသား စွန့်ဦးတီထွင်လုပ်ငန်းများကို အားကောင်းလာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိမိဒေသနိုင်ငံအတွင်းသာမက အခြားနိုင်ငံများနှင့် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး ပြုပြင်မှုများသိရှိပြီး ပိုမိုအားကောင်းသော စီးပွားရေးလုပ်ငန်းဖြစ်အောင် ဖန်တီးနိုင်ရန်လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ဘီးမ်ပညာရေးဖောင်ဒေးရှင်း ဒါရိုက်တာဦးကျော်ကျော်မင်းက “စွန့်ဦးတီထွင် ရက်သတ္တပတ် အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများအား တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအကြောင်း ရိုက်ကူးထားသော မှတ်တမ်းဗီဒီယိုဖိုင်အား ပြသသည်။
ဆက်လက်၍ စွန့်ဦးလုပ်ငန်းရှင်များက စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသူရစိုးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူများက ခန်းမအတွင်းပြသထားသော ဒေသအတွင်း စွန့်ဦးလုပ်ငန်းရှင်များ၏ ပြခန်းများ၊ တက္ကသိုလ် ကျောင်းသားလူငယ်များ တီထွင်ထားသော Project များအား ကြည့်ရှုအားပေးခဲ့သည်။
(ခရိုင် ပြန်/ဆက်)
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}


