မိုးနဲ ၂၄ နိုဝင်ဘာ
ရှမ်းသက္ကရာဇ် ၂၁၁၄ ခုနှစ် (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ရိုးရာကောက်သစ်စားပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာ ရှမ်းရိုးရာ ယဉ်ကျေးမှုပွဲတော်ကွင်းနေရာ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒနှင့် ဆရာတော် သံဃာတော်များ၊ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန့်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပွဲတော်မုဒ်ဦး၊ ဓမ္မာရုံ၊ ဓာတ်ပုံပြခန်း၊ ရိုးရာယဉ်ကျေးမှုစင်နှင့် ဖျော်ဖြေရေးစင်မြင့်တို့ကို ဖဲကြိုဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အ.ထ.ကကျောင်း ဘင်ခရာအဖွဲ့မှ ကျောင်းသား ကျောင်းသူများက နှစ်သစ်ကြိုဆို သရုပ်ဖော်ကကွက်များဖြင့် လည်းကောင်း၊ ရိုးရာအိုးစည်ဗုံမောင်း မြေဝိုင်းအကဖြင့် လည်းကောင်း၊ ရှမ်းယဉ်ကျေးမှု လူငယ်မောင်မယ်များက နှစ်သစ်ကူး သီချင်းဖြင့်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များဖြစ်သော လာဟူ၊ လီဆူ၊ ကိုးကန့်၊ ရှမ်း စသည့်အကအဖွဲ့များ၊ အားကစားပြိုင်ပွဲများ၊ ဓာတ်ပုံပြပွဲ၊ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပြပွဲများဖြင့် နိုဝင်ဘာ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)