ဟားခါး ၂၄  နိုဝင်ဘာ

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ ဆူရ်ခွားကျေးရွာအုပ်စုအား မြို့အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

 

0367

 

အခမ်းအနားတွင် ဆူရ်ခွားမြို့ အထိမ်းအမှတ်မုခ်ဦးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

0412

 

ဟားခါးမြို့နယ်၊ ဆူရ်ခွားကျေးရွာအုပ်စုအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မေ ၁၆ ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ်(၁၂၈/၂၀၁၉)ဖြင့် ဆူရ်ခွားမြို့အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆိုင်လိုသာရ်ရပ်ကွက်၊ စလုံပူးရပ်ကွက် စသည့် ရပ်ကွက်(၂)ခုဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။

 

0515

 

ဆူရ်ခွားမြို့၏ မြောက်ဘက်(၅၀)မိုင်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်(၅၀) မိုင်အကွာတွင် မတူပီမြို့နယ်၊ (၅၅)မိုင် အကွာတွင် ရေဇွာမြို့နယ်တို့နှင့် မြို့နယ်ချင်း ဆက်စပ်လျက်ရှိပြီး ဟားခါး−မတူပီ လမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် အချက်အခြာကျသော မြို့တစ်မြို့ဖြစ်ပြီး မြို့ဧရိယာ ၂၅၉၇၃ ဧက ကျယ်ဝန်းကြောင်း သိရသည်။

ဆူရ်ခွားမြို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနပေါင်း(၁၇)ဌာနကို ဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိတွင် ဆူရ်ခွားမြို့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နယ်မြေရဲစခန်း၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း စသည့် ဌာန(၅)ခု ရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)