၂၄  နိုဝင်ဘာ

 

ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာက အစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာ အစားလျှော့စားတိုင်းလည် ဝိတ်ကျစေတာတော့ မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်လေးတွေကို အားကိုးကြည့်ဖို့ပြောပါရစေနော်။

 

ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား…..

 

ဝိတ်ချတယ်ဆိုတာက ပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊ လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာ မေ့ထားလို့မဖြစ်တာက ကျန်းမာရေးနဲ့ ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။ နောက်တစ်ခုက အချို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဝိတ်မတက်စေဘဲ ကျန်းမာရေးနဲ့ ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။

 

ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ

 

ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။

 

(၁) ဗီတာမင် B – ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် B1)၊ ရီဗိုဖလာဗင် (ဗီတာမင် B2)၊ နီကာဆင် (ဗီတာမင် B3)၊ pantothenic acid(ဗီတာမင် B5)၊ pyridoxine(ဗီတာမင် B6)၊ ဘိုင်အိုတင် (ဗီတာမင် B7)၊ ဖောလိတ် (ဗီတာမင် B9)၊ cobalamin (ဗီတာမင် B12) တို့ပါဝင်နေတာပါ။ ဗီတာမင် B အုပ်စုတွေက ကိုယ်တွင်းက ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်စေပြီး စားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကို အကောင်းဆုံးဖြိုခွဲပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ဝိတ်ကျစေဖို့ အကောင်းဆုံးတွန်းအားပေးနိုင်မှာပါ။

 

ဘာတွေစားရမလဲ…. ပဲအမျိုးမျိုး၊ ပဲနီလေး၊ နို့၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့အသား၊ အာလူး၊ ငှက်ပျောသီးတို့ကို စားသုံးပေးသင့်ပါတယ်။

 

(၂) ဗီတာမင် D – ကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုပေါ့။ ယနေ့ခေတ်မှာ လူတော်တော်များများက နေရောင်နဲ့ ထိတွေ့မှုနည်းလာကြပါတယ်။ ဒါကြောင့်လည်း ဗီတာမင် D ရရှိဖို့ ခဲယဉ်းလာကြပါတယ်။ ဗီတာမင် D ကိုရရှိနိုင်တဲ့ အဓိကရင်းမြစ်က နေရောင်ခြည်ပါ။ ဗီတာမင် D ရရှိမှုနည်းပါးတာက အဝလွန်စေနိုင်သလို စိတ်ဓာတ်ကျမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ကို လုံလောက်စွာရရှိအောင် လုပ်ဆောင်နိုင်မှုကလည်း ဝိတ်ကျစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

 

ဘာတွေစားရမလဲ….. ဗီတာမင် D ကို အဓိကရရှိစေနိုင်တာက နေရောင်ခြည်ပါ။ ဒါပေမယ့် ဆာဒင်းငါး၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေကို စားပေးလို့လည်း ရပါတယ်။

 

(၃) သံဓာတ် –စားလိုက်တဲ့ အစာအာဟာရတွေကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်က ခန္ဓာကိုယ်က ဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်ရှိအောင် ပို့ဆောင်ပေးသလို ကြွက်သားတွေဆီကိုလည်း အောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။ သံဓာတ်ရဲ့ နောက်ထပ်အားသာချက်တစ်ခုက အဆီတွေကို လောင်ကျွမ်း စေနိုင်တာပါပဲ။

 

ဘာတွေစားရမလဲ…….အဆီမပါတဲ့ အသား၊ အခွံမာပင်လယ်စာတွေ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်တို့ကို စားပေးလို့ရပါတယ်။

 

(၄) မဂ္ဂနီဆီယမ် –ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပေါ့။ သွေးတွင်းသကြားဓာတ် ထိန်းညှိဖို့၊ သွေးပေါင်ချိန်ထိန်းညှိဖို့၊ အရိုးတွေ သန်မာစေဖို့၊ အာရုံကြောစနစ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ကို မလိုအပ်ဘဲ ကိုယ်အလေးချိန်မတက်စေဖို့ဆိုရင် ဒီသတ္တုဓာတ်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။

 

ဘာတွေစားရမလဲ……. အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့လိုပါမယ်။

 

(၅) ကယ်လ်ဆီယမ် –ငယ်စဉ်ကတည်းကစပြီး အသက်ကြီးတဲ့အထိ ကယ်လ်ဆီယမ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ ထောက်ပံ့ပေးသလို ကယ်လ်ဆီယမ်ကို လိုအပ်တဲ့ ပရိုတင်းနဲ့ သင့်တင့်မျှတအောင် စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီတွေကို အထိရောက်ဆုံး လောင်ကျွမ်းပေးနိုင်မှာ အသေအချာပါ။ ကယ်လ်ဆီယမ်ကို ကယ်လ်လိုရီနည်းတဲ့ အစားအသေကာ်တွေနဲ့ တွဲဖက်စားသုံးပေးမှုက လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေနိုင်မှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်ကို လျှော့ချချင်တယ်ဆိုရင် ကယ်လ်ဆီယမ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

 

(၆) Omega-3 fatty acids –ဝိတ်ကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ omega-3 fatty acids က ကိုယ်တွင်းက အဆီပိုတွေကို ဖယ်ရှားပေးတဲ့အပြင် နှလုံးကျန်းမာအောင် ထောက်ပံ့ပေးပါတယ်။ သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီး ရောဂါတစ်ခုခုကြောင့် နှလုံးနဲ့ သွေးကြောလေးတွေ ထိခိုက်မှုမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

 

ဘာတွေစားရမလဲ……. ဆယ်လ်မွန်၊ မက်ကာရယ်၊ ထရောက်ငါး၊ ဆာဒင်း၊ တူနာ တို့ကို စားသုံးပေးလို့ ရပါတယ်။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။