မကွေး   ၂၄   နိုဝင်ဘာ

 

အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များ လျှော့ကြစေရန် ရည်ရွယ်လုပ်ဆောင်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အခမ်းအနားကို နိုဝင်ဘာ(၂၄)ရက် နံနက်ပိုင်းက မကွေးမြို့နယ်ကြာကန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားကို ကြာကန်ကျေးရွာ ကျေးလက်မြေပရဟိတအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မကွေးမြို့နယ်မှ ကြာကန် ၊ ပုဂံမျှော် ၊ လေးအိမ် ၊ ကြည်တစ်လုံး ၊ ကြူချောင်း ၊ ကြာကန်ရွာသစ်ကျေးရွာများ ၊ မြို့သစ်မြို့နယ်မှ သားမျှားရွာ ၊ နတ်မောက်မြို့နယ်မှ တမလန်းပင်ရွာ နှင့် တဲတိုက်အိမ်‌ခြေအစုငယ်များမှ ပြည်သူအင်အား ၇၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။

 

" အမျိုးသမီးတွေအနေနဲ့ ရပိုင်ခွင့်နဲ့ဥပဒေတွေကိုသိရှိစေဖို့ ၊ ကြိုတင်ကာကွယ်နိုင်ဖို့ ၊ အသိပညာရရှိနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ဖြစ်စဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်စဉ်အမှုပေါင်း တစ်ထောင်ကျော် ဖြစ်ပွားမှုရှိနေတယ် " ဟု ကျေးလက်မြေ ပရဟိတအဖွဲ့ မန်နေးဂျင်းဒါရိုက်တာ မမူစဲက ဆိုသည်။

 

အကြမ်းဖက်ခံရမှုဖြစ်စဉ်များမှာ အသိပညာအားနည်းပြီး ငွေကြေးမပြည့်စုံမှုများသည့် ကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားနေကြောင်း ၊ ကျူးလွန်သူတွေကို ထိုက်သင့်သည့်ပြစ်ဒဏ်ကျခံ စေရေးအပိုင်းတွင် အားနည်းချက်များ ရှိနေသေးပြီး ထိုသို့ဖြစ်ရခြင်းမှာ တရားစီရင်ရေး အပါအဝင် ဆက်စပ်နေသည့် ဌာနဆိုင်ရာများအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း အားနည်းချက်များ ရှိနေသေးခြင်းကြောင့်ဖြစ်‌ကြောင်း မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးဆန်းလင်းက မှတ်ချက်ပြုပြောကြားသည်။

 

နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးဆန်းလင်းနှင့် မကွေးတိုင်းဒေသကြီးရင်ခွင်မဲ့ ကလေးငယ်များအသင်းဥက္ကဌ ဒေါက်တာဒေါ်ဖြူဖြူထွန်းတို့က အသိပညာပေးဟောပြောခဲ့ကြပြီး  ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)