ပေါက်ခေါင်း   ၂၄  နိုဝင်ဘာ   

 

           

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းကြိုးဝိုင်း ၊ အကွက်အမှတ်(၂ဝ)ရှိ ၁၉၁၉ခုနှစ်တွင် တည်ထောင်ခဲ့သော ကျွန်းစိုက်ခင်း နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက အဆိုပါအကွက်အမှတ် (၂ဝ)၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

 

1

 

           

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် “ မြန်မာနိုင်ငံမှာ သိပ္ပံနည်းကျသစ်တော စီမံအုပ်ချုပ်မှုကို ၁၈၅၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး သစ်တောဌာန ပေါ်ပေါက်လာခဲ့ပါကြောင်း၊ သစ်တောဌာနပေါ်ပေါက်ခဲ့ပြီး မကြာမီအချိန်အတွင်း ၁၈၇ဝခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ပထမဆုံး သစ်တောကြိုးဝိုင်း ၁၇ ခုကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းခဲ့တဲ့သစ်တောကြိုးဝိုင်း ၁၇ ခုအနက် ယခုတောင်နဝင်းကြိုးဝိုင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး မှတ်တမ်းများအရ ၁၈၉၆ ခုနှစ်မှာ(၃၅၀၄၃) ဧက ဖွဲ့စည်းခဲ့တယ်လို့ သိရှိရကြောင်း ၊ ထူးခြားတာတစ်ခုက ပဲခူးရိုးမရဲ့အစောဆုံးကျွန်းစိုက်ခင်းတစ်ခု ဖြစ်တဲ့ ဒေါက်တာဘရန်းဒစ် ၁၈၇၅ ခုနှစ်မှာ စိုက်ပျိုးတည်ထောင်ခဲ့တဲ့ ဘရန်းဒစ်ကျွန်းစိုက်ခင်း ၂၄ ဧကဟာ ပြည်ခရိုင် ပြည်မြို့နယ်အတွင်းမှာ တည်ရှိနေပါကြောင်း၊ ဒါ့ကြောင့် ပဲခူးရိုးမနဲ့ပြည်ခရိုင်ဟာ ပဲခူးရိုးမကျွန်း စိုက်ခင်းများရဲ့ အဦးအစဖြစ်တယ်လို့ဆိုနိုင်ပြီး ယခုလို သမိုင်းဝင်အခမ်းအနားတစ်ရပ်ကို ပြည်ခရိုင်အတွင်းက ကျွန်းစိုက်ခင်းတစ်ခုအတွင်းမှာ ကျင်းပနိုင်ခြင်းဟာလည်း ၁၉ ရာစုမှ ၂၁ ရာစုအတွင်း ပဲခူးရိုးမနှင့် ပြည်ခရိုင်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သစ်တောဝန်ထမ်းများအတွက် ဂုဏ်ယူစရာလည်းဖြစ်ပါကြောင်းဖြင့် ”ပြောကြားသည်။

 

           

ဆက်လက်၍ သစ်တောဦးစီးဌာန ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဇော်ဦး က တောင်နဝင်း ကြိုးဝိုင်းအကွက်အမှတ်(၂ဝ)တွင် စိုက်ပျိုးတည်ထောင်ခဲ့သော သက်ကြီးကျွန်းစိုက်ခင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အငြိမ်းစားသစ်တောအရာရှိ ဒေါက်တာကျော်တင့် က အမှတ်တရစကား ပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများကို ကျွန်းစိုက်ခင်းနှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အလံများ အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

6

 

           

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် အငြိမ်းစားသစ်တောအရာရှိကြီးများ၊ ပေါက်ခေါင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံ….မျိုးကျော်ကြီး၊

သန်းထွန်းအောင်(ပြန်/ဆက်)