ပွင့်ဖြူ    ၂၄   နိုဝင်ဘာ       

            

ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များ သောက်သုံးခွင့်ရရှိစေရန်နှင့် ရေကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ရေသန့်စက်ရုံ လုပ်ငန်းရှင်များအသင်း(မကွေးတိုင်း)မှ ကြီးမှူးကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ပညာပေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက် ၊ ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဉတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ပြည့်ထူး က ဒေသခံပြည်သူများအနေဖြင့် မိမိတို့ နေ့စဉ်သောက်သုံးနေသည့် ရေများတွင် ရောဂါပိုးမွှားကင်းစင်စေရန် လွန်စွာ အရေးကြီးပါကြောင်း ၊ ရေတွင် လူကိုအန္တရာယ်ဖြစ်စေသော ရောဂါပိုးမွှားများ ပါဝင်နိုင်သည့်အတွက်ကြောင့် ရေကိုကျိုချက်၍ သောက်သုံးသင့်ပါကြောင်း ၊ အလားတူ ရေသန့်လုပ်ငန်းရှင်များအနေနဲ့လည်း သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူလူထုအတွက် ရောဂါဘယကင်းဝေးစေရန် ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသွားစေလိုကြောင်းနှင့် ရေတွင်ပါဝင်နိုင်သော ရောဂါလက္ခဏာများနှင့် ပက်သက်ပြီး သိရှိလိုပါက  မေးမြန်းဆွေးနွေးနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

 

7

            

ဆက်လက်၍ ရေသန့်စက်ရုံလုပ်ငန်းရှင်များအသင်း (မကွေးတိုင်း)ဉက္ကဌ ဦးဝင်းမင်း က သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်ရမည့် ရေသန့်ထုတ်လုပ်ပုံ အဆင့်ဆင့်အား ချပြရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ မြို့နယ်အတွင်းရှိ ရေသန့်လုပ်ငန်းရှင်များနှင့် ရေသန့်ကိုယ်စားလှယ်များက ကျန်းမာရေးနှင့် ညီညွတ်သော ရေသန့်အကြောင်းနှင့် ပက်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားပေးပြီး ရေသန့်စက်ရုံလုပ်ငန်း ရှင်များအသင်းအဖွဲ့ဝင်များက သန့်ရှင်းသော သောက်သုံးရေနှင့် ရေသန့်စင်သော နည်းလမ်းများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့သည်။

            

အဆိုပါ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ ၊ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ပြည့်ထူးနှင့် ဝန်ထမ်းများ ၊ တိုင်းဒေသကြီး ရေသန့်စက်ရုံလုပ်ငန်းရှင်များအသင်းဉက္ကဌ ဦးဝင်းမင်းနှင့် အသင်းအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသည့် ရေသန့်လုပ်ငန်းရှင်များနှင့် ရေသန့်ရောင်းချသော ကိုယ်စားလှယ်များ ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

                                                                                                                        

ရဲဝင်းနိုင် ( ညောင်ဦး )