၂၄  နိုဝင်ဘာ 

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက် လာစေရေးအတွက် မြန်မာနိုင်ငံ  ဂေါက်သီးအဖွဲ့ချုပ်နှင့်မြန်မာ ပီဂျီအေတို့က စီစဉ်၍ အင်းဝဘဏ်လီမိတက်က အဓိက ကူညီပံ့ပိုးသည့် ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီး ရိုက်ပြိုင်ပွဲ (ဆဋ္ဌမပွဲစဉ်) နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းတွင်  ပြင်ဦးလွင်မြို့၊ ချယ်ရီလွင်  တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ကျင်းပရာ ပညာရှင်အဆင့်ပြိုင်ပွဲတွင် ဘိုဘို ဗိုလ်စွဲခဲ့သည်။ 

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်က ပြိုင်ပွဲကို အဓိကကူညီပံ့ပိုးပေးသော အင်းဝဘဏ်လီမိတက်သို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အင်းဝဘဏ်လီမိတက် အထွေထွေမန်နေဂျာ ဦးစိုးလွင်ကျော်က လက်ခံရယူသည်။ ဆက်လက်၍ အထက်မြန်မာပြည်ဂေါက်သီး အဖွဲ့ချုပ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ဇော်အောင်က ပြိုင်ပွဲအားလက်ခံကျင်းပပေးသော ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်းသို့ အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုငွေများကိုပေးအပ်ရာ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်းတာဝန်ခံ ဗိုလ်မှူးနေအောင်မှ လက်ခံရယူသည်။

ထို့နောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းက ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် အဓိကကူညီပံ့ပိုးပေးသော ကုမ္ပဏီများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ မြန်မာ့ဇွဲမာန်ကုမ္ပဏီလီမိတက်မှ ဦးမျိုးသီဟ၊ မြဝတီဘဏ်လီမိတက်မှ အထွေထွေမန်နေဂျာ ဦးဘဦး၊ တယ်လီကွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (မိုင်တဲ)မှ ဦးမြင့်ဆွေ၊ စေပိုင်ဖွံ့ဖြိုးမှုလီမိတက်မှ ဦးစိုးကျော်နိုင်၊ ဖြိုးစည်သူကျွန်းအထူးစိုက်ခင်းနှင့် ပဲခူးရိုးမ အပန်းဖြေဥယျာဉ်မှ ဒါရိုက်တာ ဒေါ်သီသီနိုင်၊ အင်းဝဘဏ်လီမီတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးတို့က အသီးသီးလက်ခံရယူသည်။ ဆက်လက်၍ အထက်မြန်မာပြည်ဂေါက်သီးအဖွဲ့ချုပ် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ကိုကိုက ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက် (၂၃၃)ချက်ဖြင့် ဒုတိယရရှိခဲ့သော ပြုံးပြုံးထွေးနှင့် စုစုပေါင်းရိုက်ချက် (၂၂၉)ချက်ဖြင့် ပထမရရှိခဲ့သော ထက်ထက်နုလွင်တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေးမှ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက်(၂၉၃)ချက်ဖြင့် ဒုတိယရရှိခဲ့သော  လှိုင်မင်းထက်နှင့် စုစုပေါင်းရိုက်ချက်(၂၉၃)ချက်ဖြင့် ပထမရရှိခဲ့သော ထက်မိုးလှိုင်တို့ကို လည်းကောင်း ဆုများ ပေးအပ်ချီးမြင့်သည်။ ဝါသနာရှင်အဆင့် အမျိုးသားပြိုင်ပွဲတွင် ထက်မိုးလှိုင်နှင့် လှိုင်မင်းထက်တို့သည် စုစုပေါင်းရိုက်ချက်တူညီနေသဖြင့် ကျင်းပို တစ်ကျင်းထပ်မံယှဉ်ပြိုင်ကစားရာ ထက်မိုးလှိုင်က အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် (၂၈၂)ချက်ဖြင့်ပထမရရှိခဲ့သော ဘိုဘို (HAN Golf Academy)အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းက ဂုဏ်ပြုဆုဖလား၊ အင်းဝဘဏ်လီမီတက်အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးက  ဆုကြေး ငွေချက်လက်မှတ်ကို တို့ကိုပေးအပ်ချီးမြင့်ပြီး ဆုရကစားသမားများနှင့် တာဝန်ရှိသူများ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြသည်။

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်