ညောင်ဦး ၂၄ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ခွေးရူးရောဂါဖြစ်ပွားမှုများ ကင်းဝေးစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနှင့် FOUR PAWS INTERNATIONAL တို့ ပူးပေါင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ကွင်းဆင်းထိုးနှံပေးခြင်း လုပ်ငန်းကို အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ မြို့ပေါ်ရပ်ကွက် (၁၅) ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၂၀) အား သွားရောက်ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ထံမှ သိရသည်။
ထိုသို့ မြို့နယ်အတွင်း ခွေးရူးရောဂါပပျောက်ကင်းစင်ရေးစီမံချက်ဖြင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်းကို ညောင်ဦးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာခင်ချိုနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာဖိုးဆေးတို့မှ အနီးကြီးကြပ်ကာ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်းနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၂၂၀)အား အဖွဲ့(၆)ဖွဲ့ခွဲ၍ အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်ကာ ယခုလ နိုဝင်ဘာ ၂၃ ရက် နေ့အထိ သွားရောက်ကွင်းဆင်း ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ထိုးနှံပြီးစီးမှုအနေဖြင့် မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၂၂၀)ရှိ ခွေးကောင်ရေ ၁၆၀၈၇ ကောင်၊ ကြောင် ၇၄၀၅ ကောင်၊ စုစုပေါင်း ကောင်ရေ ၂၃၄၉၂ ကောင်အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွေးရူးရောဂါသည် ခွေး၊ ကြောင်များမှ တစ်ဆင့် လူသို့ ကူးစက်တတ်သော ရောဂါတစ်မျိုး ဖြစ်သည့်အတွက် ၎င်းခွေးရူးရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးစေနိုင်သောကြောင့် တိရစ္ဆာန်မှ လူများသို့ ကူးစက်မှုမရှိစေရေး ယခုကဲ့သို့ စီမံချက်များချမှတ်ကာ FOUR PAWS INTERNATIONAL အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ခွေးရူးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)