ပဲခူး ၂၅ နိုဝင်ဘာ

ပဲခူးမြို့ ဥဿာမြို့သစ်တွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဥဿာမြို့သစ် ဆည်မြောင်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

153

 

ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  ကရင်တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)အား ပြည်သူလူထု အတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရပ်ရွာအတွင်းရှိပြည်သူလူထုအား ဆင့်ပွားအသိပညာပေးနိုင်ရန်၊ သဘာဝ ဘေးစီမံခန့်ခွဲမှုဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ နိုဝင်ဘာ(၂၅)ရက်နေ့ မှ(၂၉)ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား သင်တန်းသူ ဝန်ထမ်း (၅၀)တက်ေရာက်ကြကြောင်းသိရသည်။

ထိုသို့ သင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုသတိပြုမိလာခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပိုမိုကြိုတင်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအခြေအနေ ၊ ဘေးကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအခြေအနေများကို သိရှိနားလည်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)