ယင်းမာပင် ၂၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ပညာရေးတွင်ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်လာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပညာရေး ဌာနမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို စွမ်းရည် ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများ မြန်မာစာစွမ်းရည်ပြိုင်ပွဲတွင် ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၊ အလယ်တန်းအဆင့်တွင် ၅၉ ဦးနှင့် မူလ တန်းအဆင့်တွင် ၄၇ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာစာ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အဆင့်တွင် စာတွေ့လူတွေ့ဖြေဆိုဆောင်ရွက်ရမည်ဖြစ်ပြီး ထူးချွန် ကျောင်းသား ကျောင်းသူများကို ခရိုင်အဆင့်တွင်လည်း ဆက်လက် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သန်းဌေးအောင်(ကနီ)


