ကျောင်းကုန်း ၂၅ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲ (မြို့နယ်အဆင့်)ကို ယနေ့နံနက်၉ နာရီက ကျင်းပခဲ့သည်။
အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် အတန်းတစ်ခုစီအတွက် ရေးဖြေ ဖြေဆိုမှု၊ ကျပန်းယှဉ်ပြိုင်မှုနှင့် နှုတ်ဖြေဆိုမှု ရလဒ်များကိုပေါင်း၍ အဆင့်(၁)မှအဆင့်(၃)အထိ ရရှိသူ(၃)ဦးစီအား ဒုတိယနေ့တွင် ကျပန်း စကားပြော ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အတန်းတစ်ခုစီအတွက် ရေးဖြေ ဖြေဆိုမှုနှင့် နှုတ်ဖြေ ဖြေဆိုမှု ရလဒ်များကိုပေါင်း၍ ရမှတ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် စတုတ္ထတန်း၊ပဉ္စမတန်း၊ဆဌမတန်း၊ သတ္တမတန်း၊ အဌမတန်းများမှ ကျောင်းသား (၁)ဦး၊ ကျောင်းသူ(၁)ဦးစီ ရွေးချယ်၍ ပုသိမ်မြို့သို့ နိုဝင်ဘာ(၂၇)ရက်နေ့ အရောက် စာရင်း ပေးပို့ သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


