ထန်းတပင် ၂၅ နိုဝင်ဘာ

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၅၄) အုပ်စုတို့၌ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို နိုဝင်ဘာလ(၂၆)ရက် နေ့မှ(၂၈)ရက် အထိ (၃)ရက်ကြာ အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက်ကလေးငယ် (၁၁၃၂၅) ဦးတို့အား စုရပ်(၁၅၁) နေရာတို့တွင် အဖွဲ့(၄၉)ဖွဲ့တို့မှ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

           

ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာ (၂၅)ရက်နေ့၊ နံနက်ပိုင်းအချိန်က ထန်းတပင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)ဖွင့်ပွဲကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

           

ဖွင့်ပွဲအခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းက ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ တက်ရောက် လာကြသည့် မြို့နယ်ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများကိုရှင်းလင်း ပြောကြားခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက်က လေးငယ်(၂၀)ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပြီး ကလေးငယ်များအား အမှတ်တရ လက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

           

ထန်းတပင်မြို့နယ်တွင် အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက် ကလေးငယ်များအား ဝက်သက်- ဂျိုက်သိုးရောဂါ  ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉)ကို ပြည်သူများသိရှိနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများ၌ လူသွားလူလာ များပြားသည့် နေရာများနှင့် စာသင်ကျောင်းများတွင်လည်း ကာကွယ်ဆေးထိုးနှံရေး အသိပေးကြော်ငြာ ပိုစတာများကို လိုက်လံ၍ ကပ်နှံဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

                                                                                               

ဇင်မင်းထိုက်(ထန်းတပင်)