မင်းတုန်း   ၂၅    နိုဝင်ဘာ

 

မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေများ အသုံးပြု၍ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်အမှုဆောင်အရာရှိထံမှ သိရသည်။

 

“ မြို့အတွင်း ရပ်ကွက် ၄ခုမှာရှိတဲ့ လမ်း ၅လမ်းကို ကွန်ကရစ်လမ်းဖြစ်အောင်လုပ်ပါမယ်။ မြို့ရေပေးဝေရေး လုပ်ငန်းတွေကိုလည်း လိုအပ်ချက်တွေထပ်မံဖြည့်ဆည်းသွားဖို့ရှိပါတယ်။ လမ်းတွေ အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ပြီးသွားပါပြီ။ ရေလုပ်ငန်းအတွက်လည်း တင်ဒါခေါ်ပါမယ် ” ဟု မင်းတုန်း မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်း ကပြောသည်။

 

မင်းတုန်းမြို့မှ အဝေရာလမ်း(ပေ  ၅၀ဝ) ၊ ဗိုလ်ရွှဲကမ်းနားလမ်း(၄၄၀ပေ) ၊ အစဉ်သဖြင့်လမ်း( ၄၉၅ပေ) ၊ ဘုရင့် နောင်လမ်း(ပေ ၄၈၀) ၊ စံပြလမ်း (ပေ ၈၈၀) စုစုပေါင်းအရှည် ၂၇၉၅ ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၈လက်မ ရှိ ကွန်ကရစ်လမ်း(၅) လမ်းတည်ဆောက်ခွင့် တင်ဒါကို ခေတ်ဇာနည်ကုမ္ပဏီမှ အဆိုပြုဈေး ၆၄.၅၀ဝ သန်းဖြင့် နိုဝင်ဘာလ ၂၃ရက်နေ့က ပြုလုပ်သည့် တင်ဒါပွဲတွင် အောင်မြင်ခဲ့သည်။

 

သရက်မြို့နယ် စည်ပင်အမှုဆောင် အရာရှိဦးသိန်းနိုင်(တင်ဒါကော်မတီဥက္ကဌ) နှင့် တင်ဒါကြမ်းခင်းဈေး တွက် ချက်ရေး ကော်မတီ ၊ တင်ဒါစိစစ်လက်ခံရေးကော်မတီ ၊ အရည်အသွေး စိစစ်လက်ခံရေး ကော်မတီတို့ ပူးပေါင်း၍ လုပ်ငန်းအခြေအနေများအား တိုင်းစည်ပင်သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ၊ ရေပေးဝေရေးလုပ်ငန်း အတွက် ရေစိမ့်တွင်းကျယ်များ တူးဖော်ခြင်း ၊ ရေမြှုပ်ပန့် နှင့် ဂိတ်ဘားများတပ်ဆင်ခြင်း ၊ ရေပိုက်လိုင်းများပြုပြင်ခြင်း ၊ 150KVA ထရန်စဖော်မာတစ်လုံး နှင့် ဆက်စပ်ပစ္စည်း တပ်ဆင်ခြင်းတို့အတွက်လည်း တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)