မိုင်းဖြတ်  ၂၅  နိုဝင်ဘာ

 

ငလျင်ဘေး၊ မီးဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲဘူရှီး၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာရွှေက  ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေး၊  မီးဘေး၊ မိုးကြိုးဘေးနှင့် အခြား သဘာဝဘေးများဆိုင်ရာ သိကောင်းစရာများ၊ သဘာဝဘေးများ မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားရာတွင် လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာရွှေနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများကို ငလျင်ဘေးဖြစ်ပွားရာတွင် မိမိတို့၏ အသက်အန္တရာယ် ထိခိုက်မှု မရှိစေရေးအတွက် ခိုင်ခန့်သောစာပွဲများ၊ စာရေးခုံများအောက်တွင် ခိုအောင်းကာကွယ်နိုင်သည့် ဝပ်၊ ကာ၊ ကိုင်နည်းများကို လက်တွေ့သရုပ်ပြခြင်း၊ ကွင်းပြင်များတွင် ငလျင်လှုပ်ခတ်ခြင်း၏ အန္တရာယ်ကို ကာကွယ်နိုင်သည့်  စနစ်တကျ ဝပ်နည်းများကို  လက်တွေ့သရုပ်ပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

သန်းထွန်းအေး(ပြန်/ဆက်)