ပွင့်ဖြူ  ၂၅  နိုဝင်ဘာ

သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

 

2511

 

သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ပွင့်ဖြူမြို့နယ်သည် နှစ်စဉ် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံ တွေ့ရသည့် ဒေသတစ်ခုဖြစ်သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ယခုလို လာရောက်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု နည်းပညာသင်တန်းအား ပို့ချသင်ကြားပေးသည့်အတွက် မိမိအနေဖြင့် ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် တက်ရောက်သင်ယူကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိမြို့ရွာတွင် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အန္တရာယ်ကင်းစွာ စနစ်တကျ ကူညီဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ဂရုတစိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများ၊ ဝေါဟာရများ၊ သဘောတရားများ၊ ဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းနည်းစနစ်များ၊ သဘာဝဘေး ကြိုတင်သတိပေးခြင်းစနစ်များ၊ ရပ်ရွာလူထုအခြေပြု အခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနည်းစနစ်များ၊ သဘာဝဘေးနှင့် ပက်သက်သည့် စီမံချက်ရေးဆွဲနည်းများ၊ အရေးပေါ် ကျန်းမာရေး ပြုစုစောင့်ရှောက်နည်းစနစ်များ စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်နေ့ အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။ 

အဆိုပါ သင်တန်းသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးဝန်ထမ်း(၂၅)ဦး ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မြို့နယ် မိခင်နှင့် ကလေးအသင်းမှ ၅ ဦး ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းမှ ၅ ဦး ၊ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်သင်ကြားမည်ဖြစ်သည်။

ရဲဝင်းနိုင် (ညောင်ဦး)