ရန်ကုန် ၂၅ နိုဝင်ဘာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပ သည်။
သင်တန်းဖွင့်ပွဲတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး က ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး အတွက် ယခင် ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်ဟောင်းမှ ဒီမိုကရေစီစနစ်နှင့်လျော်ညီသော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစနစ်သစ်တို့ကို အထောက်အကူပြုပြီး ပြည်သူ့ အတွက် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံ့ ဝန်ထမ်းကောင်းများကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေး မူဝါဒများကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းမူဝါဒနှင့်အညီ မိမိတို့ အဖွဲ့အတွင်းရှိ ဝန်ထမ်းများသာမက နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ထမ်း များ၏ အရည်အချင်း၊ အရည်အသွေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
ဝန်ထမ်းများသည် မိမိတို့သက်ဆိုင်ရာနယ်ပယ်၊ ကျွမ်းကျင်ရာနယ်ပယ်အသီးသီးမှာ ကိုယ်တိုင် ခေါင်းဆောင်စိတ်ဓာတ်မွေးမြူလျက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်းကြိုး စားဆောင်ရွက်ကြမှသာ နိုင်ငံနှင့်လူမျိုး တိုးတက်အောင်မြင်လာမှာ ဖြစ်ပါကြောင်း၊ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းများအားနဲ့ ဆောင်ရွက် လို့မရနိုင်ဘဲ နိုင်ငံတော်၊ အစိုးရဝန်ထမ်းနှင့် ပြည်သူ အတူလက်တွဲ၍ တူညီသောရည်မှန်း ချက်များထားရှိပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းသား(၂၄)ဦး၊ သင်တန်းသူ(၇၀) ၊ စုစုပေါင်း(၉၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၅ ရက်မှ မတ်၁၃ ရက်အထိ ရက်သတ္တ(၁၆) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


