နေပြည်တော် ၂၅ နိုဝင်ဘာ
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အုပ်စုပထမ ဘောလုံးပွဲစဉ်အဖြစ် ယနေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၂ မိနစ်တွင် ဒုတိယအကြိမ်ရရှိသည့် ထောင့်ကန်ဘောမှတစ်ဆင့် ခံစစ်ကစားသမား စိုးမိုးကျော်က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။
မလေးရှားအသင်း အနေဖြင့် ချေပဂိုးရရှိရေး တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။
မြန်မာအသင်းနှင့် မလေးရှားအသင်း အနေဖြင့် ပွဲချိန်ပြည့်သည်အထိ အနိုင်ဂိုး ထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အုပ်စုပွဲစဉ်များအဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် တီမော်လက်စ်တေ အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘောဒီးယား အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။
MDN