၂၅ နိုဝင်ဘာ
ဆောင်းရာသီက အသားခြောက်တဲ့ ရာသီပါ။ ဆောင်းရာသီမှာ အသားအရေကို ဂရုစိုက်ဖို့လိုသလို ခြေထောက်တွေကိုဂရုစိုက်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ လူတော်တော်များများက ဆောင်းရာသီမှာ အသားအရေကို အဓိကထားဂရုစိုက်ကြပေမယ့် ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ခြေထောက်လေးတွေက လူတစ်ယောက်အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တာကြောင့် ဆောင်းရာသီမှာ သူတို့လေးတွေကိုလည်း ဂရုစိုက်ပေးပါနော်။
ဆောင်းအေးအေးမှာခြေထောက်ကို ဒီလိုဂရုစိုက်ပါ
ဆောင်းရာသီမှာခြေထောက်လေးတွေ ကျန်းမာလှပနေစေဖို့ဆိုရင်တော့
ခြေထောက်ကို အစိုဓါတ်ထိန်းပေးပါ
ဒီအချက်ကခြေထောက်ကျန်းမာနေစေဖို့ မဖြစ်မနေလိုက်နာရမယ့် အချက်တစ်ချက်ပါ။ ဆောင်းရာသီလိုအေးမြတဲ့ အချိန်မှာခြေထောက်တွေကို တစ်နေ့ကို အနည်းဆုံး ၃ ကြိမ် ၄ ကြိမ်လောက်တော့ အစိုဓါတ်ထိန်းပေးပါ။ ခြေထောက်အသားအရေခြောက်သွားတိုင်း လူးပေးပါ။
ခြေထောက်ကိုနွေးနွေးထွေးထွေးထားပါ
ဒီအချက်ကလည်း လိုက်နာသင့်တဲ့ အချက်တစ်ခုပါ။ ဆောင်းအရမ်းအေးတဲ့အခါ ခြေထောက်ကို နွေးအောင်ထားပေးတာက ခြေထောက်အသားအရေကို ထိန်းသိမ်းရာရောက်သလို ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိရာရောက်ပါတယ်။ ဒါကြောင့်ဆောင်းရာသီ ခြေညှပ်ဖိနပ်တွေအစား ခြေထောက်နွေးစေမယ့် ဖိနပ်တွေကို ဝတ်ဆင်ပေးပါ။
ရေများများသောက်ပါ
ရေကခြေထောက်အတွက်ရော၊ အသားအရေအတွက်ရော တစ်ကိုယ်လုံးကျန်းမာရေး အတွက်ပါကောင်းပါတယ်။ ကိုယ်တွင်းအင်္ဂါတွေအတွက်လည်း လိုအပ်တဲ့အရာတစ်ခုပေါ့။ ဆောင်းရာသီမှ အသားခြောက်တာ ကင်းဝေးစေဖို့ရေများများသောက်ပေးပါ။
ခြေအိတ်စွပ်ပါ
ဆောင်းရာသီမှာခြေအိတ်လေးတွေစွတ်ထားပေးတာကခြေထောက်ကိုနွေးစေပြီး ပြင်းထန်တဲ့ရာသီဥတုကနေ ကာကွယ်ရာရောက်ပါတယ်။ တကယ်လို့ သင့်မှာခြေအိတ်စွပ်တတ်တဲ့ အကျင့်မရှိဘူးဆိုရင်တောင်မှ ဆောင်းရာသီမှာတော့ ခြေအိတ်စွပ်ပေးပါ။
ခြေထောက်ကဆဲလ်သေတွေကို ဖယ်ရှားပေးပါ
ဆဲလ်သေတွေကြောင့် ခြေထောက်အရေပြားတွေၤ ကြမ်းတမ်းအက်ကွဲတာပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီမှာ တစ်ပတ်ကို တစ်ကြိမ်လောက်ကြေးတွန်း ကျောက်ကိုသုံးပြီး ခြေထောက်ကဆဲလ်သေတွေကို ဖယ်ရှားပေးပါ။
ခြေထောက်ကိုရေနွေးစိမ်ပေးပါ
ဒါကလည်း ခြေထောက်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့်ခြေထောက်ကို ၃ ရက်တစ်ကြိမ်လောက် ရေနွေးနွေးလေးထဲစိမ်ပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပေးပါ။ အသားအရေကိုလည်းကောင်းမွန်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။
ခြေသည်းတွေညှပ်ပါ
ဆောင်းရာသီမှာခြေသည်းရှည်တွေထားတာက ခြေထောက်ကို ပိုးဝင်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ခြေသည်းလေးတွေကို ခပ်တိုတိုလေးညှပ်ပေးထားပါ။ ဒီလိုလုပ်တာကြောင့်ခြေထောက် မတော်တဆထိခိုက်မိနိုင်ခြေနည်းသွားနိုင်သလို ခြေထောက်ကို မှိုပိုးလိုမျိုး ပိုးဝင်ကူးစက်မှုတွေကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
ခြေသည်းတွေကို ဆီလိမ်းပေးပါ
ဆောင်းရာသီမှာ ဂရုစိုက်ဖို့လိုတဲ့နောက်အစိတ်အပိုင်းတစ်ခုက ခြေသည်းပါ။ ခြေသည်းလေးတွေကိုလည်း ခြေထောက်အရေပြားလိုပဲ ဂရုစိုက်ရပါမယ်။ ဒါကြောင့် ခြေထောက်ကို အစိုဓါတ်ထိန်းသလိုပဲ ခြေသည်းလေးတွေကို ဆီတစ်မျိုးမျိုးလိမ်းပေးပါ။ အုန်းဆီလိမ်းပေးမယ်ဆိုရင် ခြေသည်းတွေကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာဖြစ်သလို ခြေသည်းလေးတွေကို အစိုဓာတ်ရစေပြီး ကျန်းမာသန်စွမ်းစေမှာပါ။ ခြေသည်းတွေဆောင်းအအေးဒဏ်ကြောင့် ကြွပ်ဆတ်ကွဲအက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကဲဆောင်းရာသီမှာခြေထောက်လေး အလှမပျက်စေဖို့ ဒီနည်းလေးတွေ သုံးလိုက်ပါ……
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”