နေပြည်တော် ၂၅ နိုဝင်ဘာ
၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကြားဖြတ်သန်းခေါင်စာရင်း ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၄ ခုနှစ်က အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် သန်းခေါင်စာရင်း အချက်အလက်များကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင်သာမက ၂၀၃၀ ပြည့်နှစ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ရရှိအောင် ဆောင်ရွက်ရာတွင် ဆန်းစစ် လေ့လာမှုလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကို (၁၀) နှစ်တစ်ကြိမ် ကောက်ယူရမည်ဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံကောက်ယူမည်ဖြစ်ပါကြောင်း၊ နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် ယနေ့ခေတ်ကာလတွင် မြန်မာနိုင်ငံ၏လက်ရှိနှင့် အနာဂတ်လူဦးရေ၊ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ နှင့် ၂၀၂၄ ခုနှစ် ကြားကာလသည် (၁၀)နှစ်ခန့် ကွာဟနေသည့်အတွက် စာရင်းအင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ကြားကာလဖြစ်သည့် ၂၀၁၉ ခုနှစ်တွင် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူရန် မိမိတို့ဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်းကို (၄) သုတ်ခွဲပြီး ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ ပထမသုတ်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့တွင် လည်းကောင်း၊ ဒုတိယသုတ်အဖြစ် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ တတိယသုတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ စတုတ္ထသုတ်အဖြစ် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ ကောက်ယူသွားမည် ဖြစ်ပါကြောင်း။
ယခုလက်ရှိတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့တွင် နိုဝင်ဘာ (၁၈) ရက်မှစ၍ ကောက်ယူနေပြီ ဖြစ်ပါကြောင်း၊ ဒုတိယသုတ်ကောက်ယူမည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် နေပြည်တော်တွင် နည်းပြသင်တန်းကို နိုဝင်ဘာ(၁၃)ရက်မှ (၂၃)ရက် အထိဖွင့်လှစ်ပို့ချခဲ့ပြီး ခရိုင်သင်တန်းများကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်၍ စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒီဇင်ဘာ (၁၁) ရက်မှ (၂၄) ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တတိယသုတ် ကောက်ယူမည့် ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့အတွက် နည်းပြသင်တန်းကို ယနေ့နိုဝင်ဘာ (၂၅)ရက်မှ ဒီဇင်ဘာ (၅) ရက်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ခရိုင်သင်တန်းများကို ဆက်လက်ဆောင်ရွက်၍ စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၂) ရက်မှ (၁၅) ရက်အထိဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုတတိယသုတ်နည်းပြသင်တန်းပြီးပါက စတုတ္ထသုတ်ကောက်ယူမည့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် နည်းပြသင်တန်းကို ဒီဇင်ဘာလ (၉) ရက်မှ ဒီဇင်ဘာ (၁၉) ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်သင်တန်းများဆက်လက်ဖွင့်လှစ်၍ စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီ (၁၅)ရက်မှ (၂၈)ရက်အထိ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀ဝ၀)ကျော် ကောက်ယူမည်ဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာမှာ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူစဉ်ကကဲ့သို့ မေးခွန်းစာရွက်ကို အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ နိုင်ငံအတော်များများတွင် အသုံးပြုနေ ပြီဖြစ်သည့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းစာရင်းကောက်ယူသည့်စနစ် (Computer-assisted Personal Interviewing-CAPI) ကို အသုံပြုကောက်ယူသွားမည်ဖြစ်ပါ ကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းတွင် Mobile Tablet ကို အသုံးပြု၍ CAPI စနစ်ဖြင့် စာရင်းကောက်ယူခြင်းသည် ပထမဆုံးအတွေ့အကြုံဖြစ်ပါကြောင်း၊ သင်တန်းသားများသည် ယခု သင်တန်းဆင်းပြီးပါက သက်ဆိုင်ရာခရိုင်များတွင်ဖွင့်လှစ်မည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း များတွင် သင်တန်းနည်းပြများအဖြစ် တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်မှာ ယနေ့ သင်တန်းသားများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာရင်းကောက်ယူခြင်းဆိုင်ရာနည်းပညာများကို (၂)ပတ်တာ သင်တန်း ကာလအတွင်း ဂရုတစိုက်ဖြင့်နားလည်သဘောပေါက်အောင် သင်ယူလေ့လာကြရန်နှင့် မရှင်းလင်းသည်များကိုလည်း ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း၊ စာရင်းကောက်ယူရာတွင်လည်း ဒေသရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လုပ်ငန်းအခက်အခဲများရှိပါက အချိန်မီတင်ပြဆောင်ရွက်ကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့်လုပ်ငန်းစဉ်၌ တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟုခံယူကာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက် အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သောအညွှန်းကိန်းများ ရရှိနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် လေးသုတ်ခွဲကာ ကောက်ယူမည်ဖြစ်ပြီး ခရိုင်အဆင့် ကိုယ်စားပြုနမူနာကောက်ကွက်များ ပြုစုကောက်ယူမည်ဖြစ်ကြောင်းနှင့် ယခုတတိယသုတ် ဖွင့်လှစ်သည့် နည်းပြသင်တန်းအမှတ်စဉ် (၃) တွင် ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ နည်းပြဆောင်ရွက်မည့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများမှ အရာထမ်း (၂၂) ဦးနှင့် ဒေသခံ လူငယ် (၄၄) ဦး၊ ပြည်သူ့အင်အားဦးစီးဌာန (ရုံးချုပ်) မှ (၂၅) ဦး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၉၁) ဦးတက်ရောက်၍ သင်တန်းကာလ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


