စဉ့်ကိုင်    ၂၅   နို၀င်ဘာ

 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နို၀င်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက  သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့်    ပြည်သူ့စကားဝိုင်းကို   တရုတ်စုရပ်ကွက် ၊မြတ်စေတနာကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး     ဦး၀င်း၀င်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ၊   မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ၊     မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းသန်းက ကျောင်းသားလူငယ်များပေါ်တွင် ဖြစ်ပေါ်လာနိုင်သည့် မှုခင်းအန္တရာယ်များ၊ ကြိုတင်ရှောင်ရှားနိုင်ရန် အသိပညာဗဟုသုတတိုးပွားစေရေး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရေး ထူးချွန်ထက်မြက်၍ နိုင်ငံတော်က အားထားရသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

 

 

ဆက်လက်၍ ဆွေးနွေးပွဲစကားဝိုင်းကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ် အမှတ်(၁)ဦးအောင်နိုင်လင်းက တိုင်းဒေသကြီး အစိုးရမှမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုများ၊ စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ရဲဗလညွန့်ဌေးက သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်း နှင့် ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှောင်ရန်ဆောင်ရန်များ၊ မြို့နယ်တွဲဘက်ဥပဒေအရာရှိ ဒေါ်ဌေး နန္ဒာလင်းက  သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုတို့၏ ပြစ်မှုပြစ်ဒဏ်များ၊  မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့၀င် ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။

 

 

ထို့နောက် တက်ရောက်လာသော၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးခွန်းများ မေးမြန်းခဲ့ရာ တာ၀န်ရှိသူအသီးသီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး   မြတ်စေတနာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာဦးအောင်မျိုးမြင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက သုံးသပ်ချက်နှင့် နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

 

 

ဝင်းဝင်းသန်း