နေပြည်တော် ၂၅ နိုဝင်ဘာ
သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် မိမိတို့တတ်နိုင်သည့် ကဏ္ဍကနေစိတ်ရင်း စေတနာအမှန်၊ အမြင်ကျယ်ကျယ်ဖြင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် အများအကျိုးအတွက် လိုအပ်ချက်များနှင့် သိရှိလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်သာယာလှပရေးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံ ဖြည့်ဆည်းဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အတွေ့အကြုံများကို အခြေခံ၍ အားသာချက်များကို ပိုမို အားကောင်းမွန်အောင် အားနည်းချက်များကို ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး အားကောင်းအောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ကယားပြည်နယ်အတွင်း သင်ယူမှု အခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ရေးပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ယနေ့ ညှိနှိုင်းဆွေးနွေးပွဲ တွင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါကြောင်း။
ပညာရေးသင်ယူမှု အခွင့်အလမ်း ပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် စက်မှု ၄ ဒသမ သုည (Industry 4.0) နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးသည် Education 4.0 ဖြစ်ပါကြောင်း၊ စက်မှု ၄ ဒသမ သုည (Industry 4.0) နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Education 4.0 တွင် သင်ယူသူ တစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်းသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမည်ဖြစ်ပါကြောင်း၊ သင်ယူသူတစ်ဦးချင်းစီကိုဗဟိုပြု ပြီးသင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၁)၊ Trends Shaping Education 2019,Myanmar Sustainable Development Plan, NESP Goal, National Qualification Framework(NQF)၊ ပညာရေးဝန်ကြီးဌာန အသုံးစရိတ် (သာမာန်နှင့်ငွေလုံးငွေရင်း)၊ အခြေခံပညာရေး၊ သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲခြင်း၊ သူငယ်တန်း+၁၂တန်း အခြေခံပညာရေးစနစ်သို့ ကူးပြောင်းသည့်သတ် မှတ်ချက်များ၊ ဒေသသင်ရိုးနှင့် တိုင်းရင်းသားဘာသာစာပေပြုစုခြင်း ပုံနှိပ်ခြင်းသင်ကြားခြင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ကျောင်း၊ ဆရာ၊ ကျောင်းသား စာရင်းချုပ်၊ ဦးစီး ဌာနများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စာရင်းချုပ်၊ ကျောင်းအဆင့်တိုးမူ၊ ရာထူးတိုးမြှင့် ခန့်ထားရေးမူများ၊ ပညာသင် ထောက်ပံ့ကြေး ရွေးချယ်ချီးမြှင့်ခြင်းမူ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသား စာပေသင် TA< ခန့်ထားမှု အခြေအနေ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အောင်ချက် အခြေအနေ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာ သင်တန်း ကျောင်းရှိဆရာ၊ ကျောင်းသားစာရင်းများနှင့် ပုံမှန်သင်တန်း၊ ကာလတို သင်တန်းများ စာရင်းများစာရင်း၊ ကယားပြည်နယ်၏ ဒေသဆိုင်ရာအခြေအနေများနှင့် ဖွင့်လှစ်ထားသည့်ကျောင်း၊ ဖွင့်လှစ်မည့် ကျောင်းများအခြေအနေနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေး မည့်အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက အခြေခံပညာကဏ္ဍ၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေး ကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဏ္ဍစသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများ သိရှိလိုသည်များက ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


