ရန်ကုန်  ၂၅  နိုဝင်ဘာ 

မျိုးဆက်သစ် စားပွဲတင်တင်းနစ် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး  ပထမဦးဆုံးအကြိမ် (Stiga Cup) စားပွဲတင် တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲကိုနိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်ထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီက အဆိုပါ စတီဂါ (Stiga Cup) စားပွဲတင် တင်းနစ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Time City ပရိုမိုးရှင်းဧရိယာတွင် ကျင်းပသည်။ ပြိုင်ပွဲတွင် အကြီးတန်း၊ အသက်၂၁ အောက်၊ အဖွဲ့လိုက်၊ အပျော်တန်း၊ တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြသည်။

“လူငယ်ကစားသမားလေးတွေအားလုံး သူတို့ရဲ့ နည်းစနစ်ပိုင်းတွေ မြင့်မားအောင်၊ စားပွဲတင်တင်းနစ်အား ကစားနည်းကို လူတွေပိုမိုသိရှိလာအောင် ကျင်းပရခြင်းဖြစ်ပါတယ်။ ပရိုမိုးရှင်းဧရိယာမှာလုပ်တဲ့ဆိုတာက ဒီအားကစားနည်းကို လူတွေပိုသိလာအောင်လို့ပါ၊ လူငယ်လက်ရွေးစင်တွေ ထွက်ပေါ်လာအောင်လည်း ရည်ရွယ်ပါတယ်” ဟု ပြိုင်ပွဲကျင်းပရေးတာဝန်ခံ  ကိုဖုန်းမြင့်က ဆိုသည်။

အဆိုပါ စားပွဲတင် တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲကို Time City နှင့် World Sport တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စားပွဲတင်တင်းနစ် ကစားသမား ၁၆၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး