၂၆  နိုဝင်ဘာ

မိမိတို့နိုင်ငံတော်ကြီး မယိမ်းမယိုင် ခိုင်ခိုင်မြဲမြဲဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်တယ် ကမ္ဘာတည်သရွေ့ ရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ တစုတစည်းတည်း စုပေါင်းညီညွတ်သော အင်အားဖြင့် ထိန်းသိမ်းကာကွယ်စောင့်​​ရှောက် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံတွင် ဓနဥစ္စာနှင့် ဖွံ့ဖြိုးတိုးတက်မှုများ မည်မျှပင် တည်ဆောက်ထားသော်လည်း စည်းလုံးညီညွတ်မှု မခိုင်မြဲပါက ထိုတည်ဆောက်ထားသောအရာများသည် ပြိုလဲပျက်စီးသွားနိုင်သည်။

"ယနေ့အချိန်အခါသည် အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားသွေးစည်းညီညွတ်မှုခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ စုပေါင်းစွမ်းအားဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့ကို ပြည်သူတစ်ရပ်လုံး စွမ်းစွမ်းတမံ အကောင်အထည်ဖော်ကြရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သည့်အားလျော်စွာ နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းပြသော ဆန္ဒ၊ ခိုင်မြဲသောစိတ်ဓာတ်၊ မလျှော့သောလုံ့လ၊ အမှား၊ အမှန်ခွဲခြားနိုင်သော ဉာဏ်ပညာအမြော်အမြင်တို့ဖြင့် ကြိုးပမ်းတည်ဆောက်လျက်ရှိပါသည်။ ဟု နိုင်ငံတော်သမ္မတက (၉၉) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့တွင်သဝဏ်လွှာ ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ လက်ရှိအချိန်ကာလ၌ ဆောင်ရွက်ရမည့် အနေအထားများနှင့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများကို နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ထင်ဟပ်ဖော်ပြထားသည်။ ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်သည့် ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မဖြစ်မနေတည်ဆောက်သွားရမည်ဖြစ်သည်။

တိုင်းရင်းသားပြည်သူအားလုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ ဆွေးနွေးအဖြေရှာခဲ့ကြသည်။ များပြားလှသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများကိုကျင်းပနိုင်ခဲ့ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၅၀ ချက်ကို သဘောတူညီမှုရထားပြီးဖြစ်သည်။ တစ်ဖက်တွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာစေရန် ရည်မှန်းလျက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)ရေးဆွဲကာ ဒေသအားလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းထားသည့် ရည်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် ပြည်ထောင်စုသားအားလုံး ညီညီညွတ်ညွတ် လက်တွဲပါဝင် ဆောင်ရွက်ကြမည်ဆိုပါက မဝေးကွာလှသောအနာဂတ်တွင် မျှော်မှန်းထားသောပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ မျှော်မှန်းသည့် ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အနှောင့်အယှက်များကို တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် တွန်းလှန်ဖယ်ရှားပစ်နိုင်သည်။ ။

အရေးအကြီးဆုံးအချက်မှာ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးကို မရမနေတည်ဆောက်ရာတွင် ယနေ့အချိန် ကာလ၌ တိုင်းပြည်ယိုင်နဲ့စေမည့် ပြင်ပမှ ဖိအားများနှင့် စိန်ခေါ်မှုများကို တွန်းလှန်ဖယ်ရှားနိုင်ရန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားနေစေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ် သည်။

သို့ဖြစ်ရာ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ထာဝရသယ်ပိုးလိုသည့် အမျိုးသားရေးစိတ်ဓာတ်များ၊ ဥမကွဲ သိုက်မပျက် အတူတကွ ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓာတ်များ တိုင်းရင်းသား ပြည်သူအားလုံး၏စိတ်သန္တာန်တွင် အစဉ်ကိန်းအောင်းနေမည်ဆိုပါလျှင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးကို အကောင်အထည်ဖော်နိုင်မည်ဟု အလေးအနက်ယုံကြည်ပါသည်။ ။

ကြေးမုံ