နေပြည်တော် ၂၆ နိုဝင်ဘာ
အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ သဘာဝဘေးကြုံတွေ့ရသည့် ဒေသများအတွက် အရေးပေါ်ကူညီထောက်ပံ့ပေးနိုင်ရန်ဆောင်ရွက်နေသည့် အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် {APTERR)လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့(Program Management Team-PMT) အစည်းအဝေးကို နိုဝင်ဘာ ၂ ရက်က တော်ဝင်နေပြည်တော်ဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် APTERR အစီအစဉ်-၃ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး ဦးအေးကိုကိုက APTERR အစီအစဉ်-၃ အကောင်အထည်ဖော်မှု အခြေအနေများကိုလည်းကောင်း၊ ဆန်စပါး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် APTERRကောင်စီ၏ (၈)ကြိမ်မြောက် အစည်းအဝေးကျင်းပရေး အစီအစဉ်မူကြမ်းနှင့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များဖွဲ့စည်းခြင်း မူကြမ်းကိုလည်းကောင်း ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော PMT အဖွဲ့ဝင်များက APTERR အစီအစဉ်-၃ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ (၈)ကြိမ်မြောက် APTERRကောင်စီအစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြု ဆွေးနွေးကြသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် APTERR ကောင်စီ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်နှင့် ပုဂံယဉ်ကျေးမှုဒေသတို့တွင် ကျင်းပရန် ပဏာမရွေးချယ်ထားပြီး ဆပ်ကော်မတီ ခုနစ်ရပ်ဖွဲ့စည်းထားကာ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် APTERR ကောင်စီဝင်များ၏ နိုင်ငံ လိုက် ဆောင်ရွက်မှုအခြေအနေများ ညှိနှိုင်းဆွေးနွေးရန်။ APTERR လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ ချောမွေ့စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာလုံခြုံရေး ပိုမိုကောင်းမွန်ခိုင်မာအောင် မြန်မာနိုင်ငံအနေဖြင့် APTERR လှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်ရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စပါးဌာနခွဲ ညွှန်ကြားရေးမှူးက ပြောသည်။
၂၀၁၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ စိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးများ ထိပ်သီးအစည်းအဝေးAPTERRသဘောတူညီ ချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး APTERR အစီအစဉ်-၃ ဖြင့် အရေးပေါ် အရန်ဆန်ရိက္ခာကို အိမ်ရှင်နိုင်ငံအဖြစ် သိုလှောင်ခြင်းကို ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သည်။
အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် အရ အရေးပေါ်သတ်မှတ်အစီအစဉ်-၁ တွင် သတ်မှတ် ဆန်ကို စီးပွားရေးနည်းလမ်းဖြင့် ဖြန့်ဝေခြင်း၊ အစီအစဉ်-၂ တွင် သတ်မှတ်ဆန်ကို ကာလရှည် ချေးငွေအကူအညီအဖြစ် ဖြန့်ဝေခြင်းနှင့် အစီအစဉ်-၃တွင်သိုလှောင်ဆန်ကို အကူအညီအဖြစ် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါအရေးပေါ်ကူညီထောက်ပံ့မှုသည် အကူအညီရယူသည့်နိုင်ငံ၏ ဆင်းရဲချမ်းသာမှု၊ ဆန်စပါးထုတ်လုပ်နိုင်မှု စွမ်းအားတို့နှင့်သက်ဆိုင်ခြင်းမရှိဘဲ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် အရေးပေါ်လိုအပ်ချက် ကြုံတွေ့ရပါက ထိရောက်သော ဆန်ရိက္ခာ ကူညီထောက်ပံ့ပေးနိုင်ရေးကိုသာ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် APTERR သဘောတူညီချက်အရ သတ်မှတ်ထားသော အဖွဲ့ဝင်ကြေးများ ထည့်ဝင်ထားရှိပြီး APTERR နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ သဘာဝဘေးသင့်ဒေသနေ ပြည်သူများ ခံစားခွင့်ရှိသည့် အထောက်အပံ့များ ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။
APTERR အစီအစဉ်-၃ အရ ၂၀၁၇-၂၀၁၈ ခုနှစ် အတွင်း ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၅၀၀ နှင့် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၈၀၀ ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၃၀၀ နှင့် ကိုရီးယား သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၅၀၀ ကို လည်းကောင်း သဘာဝဘေးသင့်ပြည်သူများထံ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇူလိုင်မိုး


