ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရင်သွေးလေးကို ကောင်းကောင်းမွန်မွန်အရွယ်ရောက် ကြီးပြင်းစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါ။ ဒီဆန္ဒက ဆုတောင်းနေရုံနဲ့တော့ပြည့်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း တတ်နိုင်သမျှစွမ်းဆောင်ပေးဖို့လိုပါမယ်။ ဒီလိုစွမ်းဆောင်ပေးတဲ့နေရာမှာ အလေ့အထ ကောင်းလေး တွေနဲ့ ပြည့်ဝတဲ့ အာဟာရကို အချိုးကျကျပေါင်းစပ်မိဖို့လိုပါမယ်။
ဘေဘီလေးပျော်ရွှင်ထက်မြက်စွာနဲ့ကြီးပြင်းလာစေဖို့ ဘာတွေများကျွေးရမလဲ
ဘေဘီလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ် စားသုံးတဲ့ အာဟာရတွေထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေဖို့လိုပါမယ်။ ဒီတော့ လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင် ဘာတွေများကျွေးရမလလဲလို့များ စဉ်းစားနေပြီလား မေမေ…. ပြောပြပေးမှာမို့ တူတူဆက်ကြည့်ရအောင်နော်။
ငယ်တုန်းကတော့ မေမေကအာဟာရပြည့်ဝအောင်စားပြီး နို့ချိုတိုက်ကျွေးရင်ရပြီဆိုပေမယ့် တဖြည်းဖြည်း အရွယ်ရောက်လာချိန်မှာတော့ အာဟာရပြည့်ဝအောင် စီစဉ်ကျွေးမွေးဖို့က မေမေ့ တာဝန်ဖြစ်လာပြီလေ။ ဒီတာဝန်ကိုကျေပွန်စေဖို့ဆိုရင်တော့
ပရိုတင်း– အရိုးနဲ့ကြွက်သားတွေ အကောင်းဆုံးသန်စွမ်းစေဖို့ အရေးပါပါတယ်။ ပရိုတင်းကြွယ်ဝစေဖို့ အဆီမပါတဲ့အနီရောင်အသား၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့တို့ကနေရရှိနိုင်ပါတယ်။
ကစီဓာတ် – ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်၊ ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ ထမင်း ကန်စွန်းဥ၊ အာလူး၊ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။
ရေဓာတ် – ခန္ဓာကိုယ်က ဇီဝတွင်းဖြစ်စဉ်တွေကို အကောင်းဆုံးဖြစ်အောင်ထောက်ပံ့ပေးပါတယ်။ ရေ၊ သစ်သီးဖျော်ရည်၊ နို့၊ စွပ်ပြုတ်တို့ကနေ ရရှိနိုင်ပါတယ်။
အမျှင်ဓာတ် – ခန္ဓာကိုယ်ကြီးထွားဖို့အတွက်အရေးပါတဲ့ အစာခြေစနစ်ကျန်းမာစေဖို့ ထောက်ပံ့ပေးတဲ့ ဓာတ်တစ်ခုပါ။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥတို့ကနေရရှိနိုင်ပါတယ်။
ဗီတာမင် B – ကလေးတွေကြီးထွားဖွံ့ဖြိုးစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်ခုပါ။ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့၊ မုယောအားဖြည့်နို့ဖြစ်တဲ့ Bolt Malted Milk တို့တိုက်ပေးလို့ရပါတယ်။
ကယ်လ်ဆီယမ် – အရိုးနဲ့သွားတွေ၊ ကြွက်သားတွေကြီးထွားစေဖို့အတွက် အရေးပါတဲ့ သတ္တု ဓာတ်တစ်မျိုးပါ။ နို့၊ ဒိန်ချဉ်၊ နို့ထွက်ပစ္စည်းတွေမှာ အများဆုံးပါဝင်နေပါတယ်။
သံဓာတ် – သွေးအားနည်းရောဂါကင်းစင်ပြီး အာရုံစူးစိုက်မှုကောင်းစေသလို ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ကြီးထွားစေဖို့ အရေးပါပါတယ်။ အနီရောင်အသား၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်၊ သံဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာ၊ Malted Drink တွေကနေရရှိနိုင်ပါတယ်။
Omega-3 Fatty Acids – ကိုယ်ခံအားကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ အရေးပါပါတယ်။ အစေ့အဆန်တွေ၊ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုးတို့ကနေရရှိနိုင်ပါတယ်။
ဒါတွေအပြင် ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E တို့ကိုပြည့်ဝအောင်ထောက်ပံ့ပေးဖို့ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။
ဘေဘီလေးပျော်ရွှင်ထက်မြက်စွာနဲ့ကြီးပြင်းလာစေဖို့ ဘာတွေလုပ်ပေးသင့်လဲ……..
ကလေးနဲ့စကားပြောပေးပါ
ကလေးနဲ့စကားပြောပေးတာက ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက် ကောင်းမွန် စေနိုင်ပါတယ်။ နားထောင်မှုကလည်း ကလေးကို စကားပြောကောင်းသူ တစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ ဒီလိုလုပ်ဆောင်ပေးတာက ကလေးရဲ့ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန် စေနိုင်ပါတယ်။ ဒါကြောင့် ကလေးနဲ့ စကားစမြည်ပြောပေးပါ။
ကလေးနဲ့အတူတူ ကစားပေးပါ
ကလေးနဲ့ အတူတူကစားပေးတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးနဲ့ အချိန်ပေးပြီး ကစားပေးပါမေမေတို့ရေ….
ကလေးကို စိတ်ကြိုက်ကစားခွင့်ပေးပါ
ကလေးကို သူ့စိတ်ကြိုက်ကစားနိုင်စေထို့ အချိန်တစ်ခုပေးပါ။ ဒီလိုလုပ်ဆောင်မှုက ကလေးကို စိတ်ကူး ဉာဏ်ရင့်သန်စေနိုင်ပြီး ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက် လာစေမှာပါ။ အတွေ့အကြုံသစ်တွေ စိတ်ကူးသစ်တွေကို ထိတွေ့ခွင့်ရ စေနိုင်မယ့် နည်းလမ်းတစ်ခု ဆိုလည်း မမှားပါဘူး။
ကိုယ်လက်လှုပ်ရှားမှုလုပ်စေပါ
စိတ်ရောကိုယ်ပါ ကျန်းမာဖွံ့ဖြိုးစေဖို့ မိမိနဲ့အတူကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ ကလေးကို တိုက်တွန်းပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ ဦးနှောက်ဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေပြီး ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေနိုင်ပါတယ်။
ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပါ
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့အတွက် မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ကလေးကိုပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိတတ်စေဖို့ ငယ်စဉ်ကတည်း ကပျိုးထောင်ပေးပါ။
သီချင်းနားထောင်ခိုင်းပါ
သီချင်းနားထောင်တာက မှတ်ဉာဏ်ကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းလည်းကောင်းစေပါတယ်။ စိတ်ဖိစီးမှုတွေကိုပြေလျော့စေပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကို ငယ်ငယ်ကတည်းက သီချင်းအေးအေးလေးတွေ နားထောင်ခိုင်းပါ။
ကလေးကို ကိုယ်ပိုင်အချိန်လေးပေးပါ
ဘေဘီလေးတွေမှာလည်း တစ်ယောက်တည်းနေဖို့ အချိန်လိုအပ်ပါတယ်။ ဒါမှ သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့်ဘေဘီလေးကို တစ်ယောက်တည်း စဉ်းစားတွေးတောပြီး ပျင်းနိုင်အောင်လည်း အချိန်လေးထားပေးပါ။
အခုပြောခဲ့တဲ့ ကဏ္ဍနှစ်ခုမှာပါတဲ့ အချက်လေးတွေကို မျှတအောင်လုပ်ဆောင်ပေးလို့ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်လာအောင် ပျိုးထောင် လိုက်ကြစို့လားမေမေတို့ရေ……….
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”