ချောင်းဦး  ၂၆  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ် ကလေးငယ် များအား ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းကို  ယနေ့ နံနက် ၁၀ နာရီက ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးက ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း လုပ်ငန်းအား အသိပေး ရှင်းလင်းရာတွင် ဝက်သက်-ဂျိုက်သိုး ရောဂါသည် ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်ပွားပြီး ကူးစက်မြန်သည့် ရောဂါ ဖြစ်ကြောင်း၊ ထိန်းချုပ်နိုင်ရန် ကလေးငယ် တိုင်း ကာကွယ်ဆေး ထိုးရန်လိုကြောင်း၊ အထူးသဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဝက်သက်-ဂျိုက်သိုး ရောဂါ ကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေး၊ ဝက်သက်ရောဂါ ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အသက်(၅)နှစ်အောက် ကလေးသေဆုံးမှု လျှော့ချ နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ချောင်းဦးမြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ(၈၈)ရွာများမှ ဝက်သက်ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးရန် အသက်ကိုးလမှ ငါးနှစ်ခွဲကလေးငယ် ၈၈၃၄ ဦး တို့ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

အိအိအောင် (ချောင်းဦး)