mdn

ချောင်းဆုံ         ၂၆   နိုဝင်ဘာ  

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ သိရှိပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ကွက် လူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး စသည့်အကြောင်းအရာများကို သိရှိနိုင်စေရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission) မှ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ် ကျွန်းသာယာ ခန်းမတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဦးစစ်မြိုင်က လူ့ အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ကောက်နုတ် ချက်များကို  ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင် မှ ဒုတိယ ညွှန် ကြားရေးမှူး ဦးဇော်လွင်ထူးက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့နံနက်တွင် ချောင်းဆုံမြို့ရွာလွတ်ကျေးရွာ ဘတ်စုံသုံးခန်းမတွင် လူ့အခွင့်အရေး နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို အလားတူ ရှင်းလင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်မှ လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲများကို (၂၀၁၁မှ၂၀၁၉)ခုနှစ် စက်တင်ဘာလ အထိတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိမြို့နယ်ပေါင်း (၁၃၆) မြို့နှင့် ရပ်ကွက်/ကျေးရွာပေါင်း (၅၅)ခုတို့တွင် လူ့အခွင့်အရေးအသိပညာပေးဟောပြောပွဲ များကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

ထူးအိမ်(ပြန်/ဆက်)