မန္တလေး နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးဆေးတက္ကသိုလ်တွင် မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးများပူးပေါင်း၍ သက်မဲ့ခန္ဓာကိုယ်အသုံးပြုကာ ဦးခေါင်းပိုင်း ဆိုင်ရာ ခွဲစိတ်ကုသနည်းပညာ လေ့ကျင့်သင်ကြားရေး First Myanmar- Swiss Cadaveric Craniotomy Course သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ပို့ချ ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ရန်ကုန်နှင့် မန္တလေး ဆေးတက္ကသိုလ်တို့မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဘွဲ့လွန် သင်တန်းသား ၁၂ ဦးနှင့် သုတေသနပြု လေ့လာသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကို နိုဝင်ဘာ ၂၇ ရက်အထိ ဖွင့်လှစ်ကာ စာတွေ့လက်တွေ့ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောသည်။
''ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ပညာသင်တန်းကို ဘွဲ့လွန်သင်တန်းအောင်ပြီးသားတွေနဲ့ ဘွဲ့လွန် သင်တန်း တက်ရောက်နေသူတွေကို Dead Body အသုံးပြုပြီး ခွဲစိတ်ကုသနည်းတွေကို လေ့ကျင့်ပေးတဲ့ သင်တန်းပါ။ ဒီလိုလေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် ခွဲစိတ်ခန်းတွေမှာ လူနာတွေရဲ့အသက်ကို ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ အဆင်ပြေလွယ်ကူစွာ ခွဲစိတ်ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ ပညာရှင်တွေနဲ့ ဆွစ်ဇာလန်နိုင်ငံက ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကြီးတွေ ပူးပေါင်းပြီး ခွဲစိတ်မှု သင်တန်းကို ပထမဆုံး ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ သမိုင်းတွင်တဲ့နေ့လို့ ပြောလို့ ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ် ၅ ခု မှာ ဒီသင်တန်းကို ကျွန်တော်တို့ မန္တလေး မှာရှိတဲ့ ဆေးကျောင်းက ပထမဆုံးခြေလှမ်းအနေနဲ့ အစပြုဆောင်ရွက်နိုင်ခဲ့တာ ဂုဏ်ယူစရာ ကောင်းပါ တယ်။ကျွန်တော်တို့နိုင်ငံရဲ့ဆေးပညာရပ်ကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင် နောက်ပိုင်းမှာလည်း သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းရေးဆွဲပြီး မဖြစ်မနေလုပ်ဆောင်ရမယ့် သင်ခန်းစာတစ်ခု အနေနဲ့ သင်ကြားပေးနိုင်ဖို့ ကျန်ဆေးကျောင်းတွေမှာလည်း ဒီလိုသင်တန်းတွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါ တယ်'' ဟု ၎င်းက ပြောသည်။
ထို့အပြင် ဆွစ်ဇာလန်နိုင်ငံ Berne ဆေးတက္ကသိုလ်မှ ပါမောက္ခ Philippe Schucht က လည်း ''အခုဒီသင်တန်းကနေ နောင်လာမယ့်မျိုးဆက်သစ် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် တွေအတွက် အကျိုးရှိစေမယ့်သင်တန်းဖြစ်ပါတယ်။ အရင်တုန်းကတော့ ဖော်မလင်နဲ့စိမ်ထားတဲ့ လူသေ တွေကို အသုံးပြုပြီး လေ့ကျင့်ခဲ့ကြပေမယ့် အခု နည်းပညာအသစ်တွေနဲ့ သဘာဝအတိုင်း ခွဲစိတ်နိုင်မယ့် လူသေတွေကို အသုံးပြုတာက တကယ့်ခန္ဓာကိုယ်အစစ်နဲ့မခြား ခွဲစိတ်မှုတွေကို လေ့ကျင့်နိုင်တာဖြစ်လို့ ကုသမှုအပိုင်းမှာ အင်မတန်အကျိုးရှိပါတယ်။ အရင်က ဦးနှောက်ခွဲစိတ်တဲ့အခါမှာ ခေါင်းကို အရွယ် အစား ကြီးကြီးမားမား ဖွင့်ပြီး ခွဲစိတ်ကုသကြတာ များပါတယ်။ အခုဒီသင်တန်းမှာ အချို့သော အကျိတ်တို့ သွေးခဲတာတို့ စတဲ့ ရောဂါတွေအတွက် ခေါင်းကို သေးငယ်စွာဖွင့်ပြီး ကုသလို့ရတယ်ဆိုတာ ကို သင်ကြားပေးမှာ ဖြစ်ပါတယ် '' ဟု ပြောသည်။
ဆွစ်ဇာလန်နိုင်ငံ ခွဲစိတ်ဆရာဝန်ကြီးများမှ မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများနှင့်ပူးပေါင်းပြီး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသမှုလုပ်ငန်းများကို လွန်ခဲ့သော ၈ နှစ်ခန့်ကတည်းက ပူးပေါင်းလုပ်ဆောင် ခဲ့ကြပြီး ယခုသင်တန်းကို မြန်မာနိုင်ငံတွင် မန္တလေးမြို့၌ ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ်သင်ကြား ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်


