ကြာအင်းဆိပ်ကြီး ၂၆  နိုဝင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ တောင်သူများအကြား မြေယာနှင့် ပတ်သက်သော အသိပညာများပြန့်ပွားရန် မြေယာဥပဒေနှင့်ပတ်သက်၍ တောင်သူများသိရှိပြီး မြေယာ မှတ်ပုံတင်ခြင်းကို သေချာစွာနားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကြီးမှူးကာ  (GRO Myanmar)မှ ထောက်ပံ့ကူညီသော ၂၀၁၂ လယ်ယာမြေ ဥပဒေသင်တန်းကို ယနေ့နံနက်၉နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။

 

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်မျိုးဦးက အဖွင့်အမှာ စကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေယံကျော်ကထပ်ဆင့်အမှာစကား  ပြောကြား သည်။

 

ထို့နောက် ကရင်ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ ဒုဥက္ကဌ ဦးစောတင်မောင်စိန်က ရော်ဘာအခွင့်အလမ်း မြှင့်တင်ရေး စီမံကိန်းအကြောင်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးဦးဝင်းစိုးက လယ်ယာ မြေနှင့် ပတ်သက်သော လယ်ယာမြေ ဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာများမှတောင်သူ ၃၀ တက်ရောက်ပြီး သင်တန်းကို နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်