လွိုင်ကော် ၂၆ နိုဝင်ဘာ
ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်ထိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့ နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းသည် ကျန်းမာရေး ဝန်ထမ်းများ၏ ဝန်ဆောင်မှု လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ ယင်းသို့ ဝန်ဆောင်မှု ပေးရာတွင် စိတ်ရော ကိုယ်ပါ စွမ်းဆောင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် တတ်စွမ်းသမျှ ပံ့ပိုးပေးခဲ့ပြီး ယင်းတို့၏ လုပ်ဆောင်ချက်များအတွက်ကိုလည်း များစွာ ဂုဏ်ယူပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ဆက်လက် ကြိုးပမ်း ပေးစေလိုကြောင်း၊ ယခုလို ဝက်သက်−ဂျိုက်သိုး ကာကွယ်ဆေးအား အသက် (၉)လတွင် ပထမ အကြိမ်၊ အသက်(၁၈)လတွင် ဒုတိယအကြိမ် စုစုပေါင်း (၂) ကြိမ် ထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ဝက်သက်-ဂျိုက်သိုး မပေါက်ဖူး သူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွား နိုင်သည်ကို သိရှိရပြီး ယင်းရောဂါ ဝေဒနာများ မဖြစ်ပွားစေရေး အတွက် ယခုလို ထိုးနှံပေးခြင်းအတွက် အားလုံးက နှစ်သက် ကျေနပ်နေလိမ့်မည်ဟု ယုံကြပါကြောင်း၊ ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အလွန်ကူးစက် မြန်သောရောဂါ ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး များအနေဖြင့် အပြင်းအထန် ဝမ်းပျက်ဝမ်းလျှောနှင့် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်ရောင်ရောဂါ၊ အာဟာရချို့တဲ့ ရောဂါများဖြင့် သေဆုံးနိုင်ကြောင်း၊ ၎င်းအပြင် ဂျိုက်သိုး ရောဂါကူးစက်မှုသည် ကလေးများတွင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေး သေဆုံးခြင်း၊ မွေးရာပါ ဂျိုက်သိုးရောဂါ ခံစားရသော ကလေးများတွင် မွေးရာပါ နှလုံးရောဂါ၊ မျက်စိမမြင်ခြင်း၊ ဆွံ့အနားမကြား ခြင်းများ ဖြစ်ပွားနိုင်ကြောင်း၊ ဝက်သက်−ဂျိုက်သိုး ကာကွယ်ဆေးကို အစုလိုက်အပိုဆောင်း ထိုးနှံပေး ခြင်းဖြင့် ကလေးများအတွက် ဝက်သက်ရောဂါနှင့် ဂျိုက်သိုး ရောဂါကူးစက်မှု များကို ခုခံကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထိုးနှံပေးခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်သေဆုံးမှု ကို လျှော့ချနိုင်ပြီး (၂၀၂၃) ဝက်သက်−ဂျိုကိသိုးရောဂါ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်ကို အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်း ဝက်သက်−ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းကို ပထမအကြိမ်အဖြစ် ဘောလခဲ၊ ဖားဆာင်း၊ မယ်စဲ့၊ ရှားတောမြို့နယ် များတွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် လည်းကောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါဖြစ်ပွားပါက မိသားစုအတွက် လူမှုရေး၊ စီးပွားရေးများထိခိုက်ပြီး ငွေကုန်ကြေးကျ များစွာဖြစ်ပေါ်မည်ဖြစ်၍ ယင်းကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းဖြင့် ရောဂါကင်းဝေးသည့် နေ့စဉ်ဘဝများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့မှ ကလေးသူငယ်များအား ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးထိုးနှံသည့် ကလေးငယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်း ရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့် မိခင်များ၊ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များမှ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
လွိုင်ကော်သား


