ကလော ၂၆ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်အတွင်းရှိ (၅)နှစ်အောက် ကလေးသေဆုံးမှု လျော့ချရေးနှင့် (၂၀၂၃)ခုနှစ်တွင် ဝက်သက်ဂျိုက်သိုးရောဂါ ပပျောက်စေရန်ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာ အုပ်စုတို့၌ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းကို နိုဝင်ဘာ (၂၆)ရက် နေ့မှ (၃၀)ရက် အထိ (၅)ရက်ကြာ အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက် ကလေးငယ် (၁၆၁၆၇) ဦးတို့အား စုရပ်(၁၃၇)နေရာတို့တွင် ဆေးအဖွဲ့(၄၄)ဖွဲ့တို့မှ ကာကွယ်ဆေးကို ထိုးနှံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို နိုဝင် ဘာ (၂၆)ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကလောမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဌာန၌ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ဖွင့်ပွဲကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ဆောင်ရွက် ခဲ့ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာ စန်းလှိုင် က ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ဌာနဆိုင်ရာများ၊နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဌာနမှ ဒေါက်တာ စောမြသစ္စာက ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးနှံပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်(၃) ခုတို့မှ အသက် (၉) လပြည့်မှ(၅)နှစ်ခွဲအောက် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


