မလှိုင် ၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ အသက်(၉)လမှ (၅)နှစ်ခွဲအရွယ် ကလေးငယ်အားလုံးကို ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။
ဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်း က ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည် ။
ထို့နောက် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာငြိမ်း ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကလေးငယ် များအား ကာကွယ်ဆေး ထိုးနှံ ပေးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည် ။
မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း အတွက် ဆေးထိုးစုရပ်နေရာ (၂၃ဝ) ထား ရှိပြီး ဆေးထိုးအဖွဲ့ (၄၃) ဖွဲ့ဖြင့် ကာကွယ် ဆေးများထိုးနှံ ပေးသွားမည်ဖြစ်သည် ။ ယခင်က ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ ၊ ဝက်သက် - ဂျိုက်သိုး ပေါက်ဖူးသည်ဖြစ် စေ ၊ မပေါက်ဖူးသည်ဖြစ်စေ အသက်( ၉ )လမှ ( ၅ ) နှစ်ခွဲအရွယ် ကလေးငယ် အားလုံးကို နိုဝင်ဘာလ(၂၆ ရက် မှ ၂၈ ) ရက်နေ့ထိ ကာကွယ်ဆေးများ ထိုးနှံပေးသွား မည်ဖြစ်ပြီး တစ်မြို့ နယ်လုံးတွင် ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် (၉)လမှ (၅)နှစ်ခွဲ အရွယ် ကလေးငယ် ပေါင်း(၁၁၆၃၉) ဦး ရှိကြောင်း သိရသည် ။
ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေး သေဆုံး မှု ထပ်မံလျှော့ချ နိုင်ရန်နှင့် (၂ဝ၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက် သိုးရောဂါ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင် )


