ဒလ ၂၆ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ယာဉ်မတော်တဆမူများ မဖြစ်စေရေးအတွက်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ကျောင်းဆင်းချိန်များတွင် အားဖြည့် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်ရှိ အချို့သော အခြေခံပညာကျောင်းများသည် ယာဉ်သွားလာမူ့ ရှုပ်ထွေးသော ကားလမ်းမဘေးတွင် တည်ရှိသည့် အတွက် ကျောင်းသား/သူလေးများအတွက် ယာဉ်အန္တရာယ်နှင့် နီးစပ်လျှက်ရှိကြောင်း သက်ဆိုင်ရာ ကျောင်းများမှ ဆရာ/မများ၊ ကျောင်းသားမိဘများမှ နံနက်ပိုင်း ကျောင်းတက်ချိန် များတွင် မိမိတို့၏ အစီအမံဖြင့် ကျောင်းသို့ လိုက်ပို့ကြပြီး ကျောင်းဆင်းချိန်တွင် ကျောင်းကြိုမိဘများ ကျောင်းသား/သူများ များပြားပြီး ယာဉ်ကြောရှုပ်ထွေးမှုများကြောင့် ယာဉ်အန္တရာယ် ကင်းစေရန် ဤသို့ ကူညီဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အချို့သော ကျောင်းများမှ ဆရာ/မများသည်သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၏ စီမံဦးဆောင်မှု ဖြင့် ညနေကျောင်းဆင်းချိန်များတွင် ယာဉ်များအား ခေတ္တရပ်နားလမ်းကူးပေးမှုများဆောင်ရွက်ရာတွင် အချို့သော ယာဉ်မောင်းများသည် အတင်းတိုးဝင်မောင်းနှင်ခြင်း၊ လမ်းညွန်အမှတ်အသား ကိုင်ဆောင်ကာ ကျောင်းသား/သူများများ ဘေးကင်းစွာ သွားလာနိုင်ရန် တာဝန်ထမ်းဆောင် လျှက်ရှိသော ဆရာ/ဆရာမများအား ရိုင်းပြစွာပြောဆိုခြင်း၊ ထိကပါးရိစကားများ ပြောဆိုခြင်းများလည်း ကြုံတွေ့ရကြောင်း ဆရာမတစ်ဦးပြောသည်။
"ဆရာမလေးတွေက ခုလိုလုပ်ဆောင်ပေးပေမယ့် တချို့ယာဉ်မောင်းတွေက ရိုင်းတယ်၊ ယာဉ်ထိန်းရဲ ဆိုတော့ ကြောက်ကြတယ်၊ ကျောင်းဆင်းချိန်တိုင်းလာပြီး ကူညီကြတဲ့ယာဉ်ထိန်းတွေကို ကျေးဇူးတင်ပါတယ်"ဟု ကျောင်းကြိုမိဘတစ်ဦးက ပြောသည်။
ကားလမ်းဖြတ်ကျော် ကျောင်းဆင်းချိန်နှင့် ကျောင်းတက်ချိန်များတွင် ယာဉ်ကြောရှုပ်ထွေးပြီး အကူအညီများ လိုအပ်ပါက မိမိတို့ယာဉ်ထိန်း တပ်ဖွဲ့သို့ အချိန်မရွေး အကူအညီတောင်း နိုင်ပါကြောင်း၊ ကူညီ ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း အမှတ် ၅၉ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်မြင့်ဟန်က ပြောသည်။
မင်းရဲမာန်


