ရန်ကုန် ၂၆ နိုဝင်ဘာ

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ၂၀/၂၀၁၉ ကြိမ်မြောက် သား/ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်  အစည်းအဝေးခန်း၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက ငါးဖမ်းရရှိမှုအခြေအနေ၊ ငါးပိ၊ ငါးခြောက် ထုတ်လုပ်မှု၊ ပင်လယ်ငါးစားသုံးမှုအခြေအနေ၊ ငါး/ ပုစွန် ရေထွက်ပစ္စည်းပို့ကုန်များ တင်ပို့ရောင်းချမှုအခြေအနေ၊ ငါးဈေးကွက်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး သဘာပတိက နိဂုံးချုပ်ဆွေးနွေးပြောကြားသည်။

သဘာပတိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်ကဒီနေ့ အဓိကဆွေးနွေးတာက ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခေတ်မီနည်းစနစ်တွေ ပြောင်းတယ်၊ တရုတ်မှာသွားပြီး လေ့လာခဲ့တဲ့ အကြောင်းတွေ၊ နိုင်ငံတကာကွန်ဖရန့်တွေကနေပြီး အများကြီးလေ့လာ နားလည်လာပြီး မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းတွေမှာ လုပ်ရမယ့်လုပ်ငန်းတွေလည်း တွေ့လာတယ်ဆိုတာ၊ ဒါကိုလည်း ဆွေးနွေးပေးတယ်၊ နောက်တစ်ခုက ကိုယ့်နိုင်ငံမှာရှိနေတဲ့ သယံဇာတတွေ ဘယ်လောက်များလဲဆိုတာကို လူတိုင်းသိအောင်လို့ နိုင်ငံတကာကွန်ဖရန့်တွေတက်ပြီး ပြောတဲ့အခါမှာ လူတော်တော်များများလည်း စိတ်ဝင်စားလာတယ်။ ခုန ကိုယ်လုပ်နေတဲ့လုပ်ငန်းသည် နိုင်ငံတော်ရဲ့ ငါးလုပ်ငန်းရဲ့ကဏ္ဍကို အများကြီးတိုးတက်အောင် လုပ်နိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့် ဒါကို ကျွန်မတို့အနေနဲ့ ကြိုးစားပြီး လုပ်နေတယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးခဲ့ပါတယ်ဟု ပြောသည်။

သတင်း - ရီရီမြင့်

ဓာတ်ပုံ - လှမိုး