ရန်ကုန် ၂၆ နိုဝင်ဘာ
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်နှင့် အလှူရှင်များက ကြီးမှူး၍ မြန်မာနိုင်ငံအို လံပစ်ကော်မတီက ထပ်တူပါဝင် ဂါရဝကုသိုလ်ယူသည့် အသက်(၇၀)နှစ်အထက် သက်ကြီးဝါရင့် အားကစား ကလောင်ရှင်ကြီးများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဂါရဝပြုစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဦးဉာဏ်ထွန်းက ဂါရဝပြုကန်တော့ပွဲ အခမ်းအနားပြုလုပ်ရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကန်တော့ခံ အားကစားကလောင်ရှင်ကြီးများအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး ရိုသေဂါရဝဖြင့် ကန်တော့ခဲ့ကြသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်တကွ တက်ရောက်လာကြသော ဧည့်သည်တော်များက ကန်တော့ခံဆရာကြီးများအား ကန်တော့အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပြီး သက်ကြီးကန်တော့ခံ ဆရာကြီးများထဲမှ ဆရာကြီး တက္ကသိုလ်စိုးဝင်းက ဩဝါဒစကား ပြန်လည်ချီးမြှင့်ပြောကြားခဲ့ပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်


