နိုဝင်ဘာ ၂၆

 

အကြိမ်(၃၀)မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု (က) ဒုတိယနေ့ကို နိုဝင်ဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

အုပ်စုဒုတိယနေ့အဖြစ် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ ညနေ ၆ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နိုဝင်ဘာ ၂၅ ရက် ကစားသည့် အုပ်စု(က)ပထမနေ့တွင် နှစ်ပွဲစလုံး သရေကျခဲ့ပြီး မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ တစ်မှတ်စီရထားသည်။ တီမောအသင်းမှာမူ ယနေ့မှသာ အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိပြီး ဖိလစ်ပိုင်အသင်းကို မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည်။

 

ကမ္ဘောဒီးယားနှင့် တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ဖိလစ်ပိုင်အသင်း၏ ခြေစွမ်းမှာ သာမန်ထက်မပိုခဲ့ဘဲ နောက်ကျဂိုးကြောင့်သာ သရေကျခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းမှာလည်း မလေးရှားကို ဦးဆောင်ဂိုးသွင်းယူပြီးမှ ဂိုးပြန်ပေးလိုက်ရကာ သရေကျခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် မလေးရှားနှင့်ပွဲတွင် ပထမပိုင်းကစားပုံ ကောင်းမွန်ခဲ့ရာ ယင်းခြေစွမ်းအတိုင်း ကစားနိုင်ပါက ရလဒ်ကောင်း ရယူနိုင်မည် ဖြစ်သည်။

 

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်က ''မလေးရှားနဲ့ပွဲမှာ အနိုင်မရခဲ့ပေမယ့် အသင်းကစားပုံကို ကျေနပ်ပါတယ်။ အမှားတချို့ ရှိသေးတာကိုတော့ ပြင်ဆင်ရမှာပါ။ ဖိလစ်ပိုင်ပွဲ အပါအဝင် နောက်ပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

 

အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို နေ့စဉ်ကျင်းပလျက်ရှိပြီး နိုဝင်ဘာ ၂၆ ရက်တွင် အုပ်စု (ခ) ပွဲစဉ်များ ကျင်းပခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)