ထားဝယ် ၂၆ နိုဝင်ဘာ
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ် (၄)မြို့နယ်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးလျက်ရှိကြောင်း၊ ထားဝယ်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (၂၇၀)စု ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၇၉၄ ကတ်ထုတ်ပေးခဲ့ကြောင်း၊ စုစုပေါင်း ကွင်းဆင်းဆောင်ရွက်ပေးမှုအနေဖြင့် (၃)လတာကာလအတွင်း (၁၀)ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်ထောင်စု လူဦးရေစာရင်းကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် အင်အားအတိုးအလျော့လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားကြရန် အသိပေးပြောကြားလိုကြောင်း၊ မရှင်းလင်းသည့် ကိစ္စရပ်များနှင့် ထပ်မံသိလိုသည့်အချက်များ သိလိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယခရိုင်ဦးစီးမှူး ဦးဗိုလ်မြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း ၂၃၀၂ ကတ်အား ပေးအပ်ခဲ့သည်။
(ခရိုင်ပြန်/ဆက်)


