နေပြည်တော် ၂၆ နိုဝင်ဘာ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ပူးပေါင်း၍ Deutsche Gesellschaftfür Internationale Zusammenarbeit (GIZ) ပါဝင်ကူညီမှုဖြင့် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ယနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mr. Thomas Neisinger ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံ၊ ရုရှနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ၉၂ ဦး တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ဖိုရမ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများလည်း ခင်းကျဉ်းပြသခဲ့သည်။

ဖိုရမ်ဖွင့်ပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားကြသည်။ 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အရေးကြီးပါကြောင်း၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာအရေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်နိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤဖိုရမ်မှ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

မွန်းလွဲပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဆက်လက်ကျင်းပသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်နေသူများသည် အေးသာယာ စက်မှုဇုန်အပါအဝင် ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသော နေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်