ရိခေါ်ဒါရ် ၂၆    နိုဝင်ဘာ    

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၏စီစဉ်မှုဖြင့်  မိုးစပါးစံပြကွက် ရိတ်သိမ်းခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် လယ်ယာသုံး စက်ကိရိယာပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် ရိရေကန်ဘေးရှိ တောင်သူ ဦးလျန်သိုင်လို၏ လယ်ကွင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလန်ခေါထန်က လယ်ယာသုံး စက်ကိရိယာ ပစ္စည်း(၃)မျိုး လက်တွန်းထွန်စက်၊ မြေသားကျင်းတူးစက်နှင့် သီးနှံဆေးဖြန်းစက်များ ထုတ်ပေးမှု အခြေအနေများ၊ စက်ကိရိယာအသုံးပြုနည်းများ၊ တောင်သူပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ အသုံးပြုနည်းကို လက်တွေ့စမ်းသပ်ပြသပေးခဲ့ကြောင်း အဆိုပါ လယ်ယာသုံးစက်ကိရိယာများအား ပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဌာနမှ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ရိရေကန်ဘေးရှိ တောင်သူဦးလျန်သိုင်လို၏ လယ်ကွင်း၌ စံပြအဖြစ်စိုက်ပျိုးထားသည့် ဒေသမျိုး ဘုပီးစပါး၊ မိုးစပါးစံပြကွက်(၃)ဧကအား မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ဌာနဆိုင်ရာ များ၊ တောင်သူများက ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ၉၅ တင်းထွက်ရှိကြောင်း၊ အဆိုပါ မိုးစပါး စံပြကွက်အား ကောက်ကွက် ၆ လက်မ× ၈ လက်မဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပြီး ယခင်နှစ်က တစ်ဧက အထွက်နှုန်း ၈၅ တင်းခန့်ရှိရာ ယခုနှစ်၌မူ ၉၅ တင်း တိုးတက်ထွက်ရှိလာကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ဒေသခံ တောင်သူပြည်သူများ တက်ရောက်ကြပြီး ပြသထားသည့် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများအား ဒေသခံတောင်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)