မြိတ် ၂၇ နိုဝင်ဘာ
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ အသက်(၉)လမှ(၅)နှစ်ခွဲအရွယ် ကလေးငယ် (၆၆၃၀၄) ဦးအား ကာကွယ်ဆေးထိုး အဖွဲ့(၁၈၁)ဖွဲ့မှ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို နိုဝင်ဘာလ (၂၆)ရက် နံနက်ပိုင်း မှ စတင်၍ ရပ်ကွက်/ကျေးရွာများအလိုက် ထိုးနှံပေးလျက်ရှိသည်။
ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ (၂၀၃၀)ခုနှစ်တွင် ဝက်သက် ရောဂါနှင့်ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါကင်းစင်ပပျောက်စေရန်၊ မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
“ (၅)နှစ်အောက်ကလေး သေဆုံးမှုအများဆုံးကလည်း ဝက်သက်ရောဂါဆိုတာ ပါနေသေးတယ်။ ကလေး တွေ အကျိုးရှိစေဖို့ လာပြီးထိုးကြပါ။ ကာကွယ်ဆေးထိုးခြင်းဟာ ကလေးတွေ ရပိုင်ခွင့်လည်း ဖြစ်တယ်။ လာထိုးတဲ့ နေမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေမယ် မလာခဲ့ဘူးဆိုရင် စုရပ်တွေ ဘယ်နေ့မှာ ကျန်နေသေးတယ်။ ကာကွယ်ဆေးထိုးဖို့ ကျန်နေသေးတဲ့ကလေးတွေကို ကျန်တဲ့ စုရပ်တွေမှာ လာထိုးဖို့ စီစဉ်ထားပါတယ်။ ဝက်သက်-ဂျိုက်သိုးဟာ ကာကွယ်လို့ရတဲ့ ရောဂါပါ။ ကာကွယ်ဆေး ထိုးကြပါ” ဟု မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန် က ပြောသည်။
ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက်(၈)နာရီက ကျင်းပခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေးများထိုးနှံပေးမှုများကို ကြည့်ရှု အားပေးခဲ့ကြပြီး ကလေးငယ်များအား အရုပ်လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
“ ကျွန်မကလေးကို ပုံမှန်ကာကွယ်ဆေးကို လစဉ်ထိုးပေးဖြစ်ပါတယ်။ ဆေးထိုးလို့ ကျန်းမာရေးကောင်း မွန်ပြီး နာစေးချောင်းဆိုးတောင် သိပ်မဖြစ်ပါဘူး။ ကလေးကျန်းမာရေး ကောင်းမွန်သဖြင့် အခုဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထပ်ဆောင်ထိုးတာ ကျန်းမာရေး ပိုကောင်းအောင် ထိုးဖြစ်တာပါ” ဟု ကလေး ကာကွယ်ဆေးလာ ထိုးပေးသည့် ကွက်သစ်ရပ်မှ မသူဇာမြင့်က ဆိုသည်။
မြိတ်ခရိုင် အတွင်းရှိ အသက်(၉)လမှ(၅)နှစ်ခွဲအရွယ် ကလေးငယ် (၆၆၃၀၄)ဦးအား ကာကွယ်ဆေးထိုး နေရာ(၆၄၀)နေရာတွင် ကာကွယ်ဆေးထိုးအဖွဲ့(၁၈၁)ဖွဲ့မှ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို နိုဝင် ဘာလ(၂၆)ရက်မှ(၂၈)ရက်အထိ ရပ်ကွက်/ကျေးရွာများအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


