မြိတ် ၂၇ နိုဝင်ဘာ
တနင်္သာရီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မြိတ်မြို့တွင် ဒီဇင်ဘာလ(၇)ရက်နှင့် (၈)ရက်နေ့တို့၌ ကျင်းပသွားမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကော်မတီများနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့ပြီး ကော်မတီများအလိုက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြသည်။
“ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပရခြင်း အကြောင်းအရင်းက တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်ချင်လို့ဖြစ်ပါတယ်။ တိုင်းဒေသကြီးက အထူးသဖြင့် ပင်လယ် ကမ်းရိုးတန်း ဒေသဖြစ်တယ်။ လှပတဲ့ကျွန်းတွေ အများကြီးရှိတယ်။ ငြိမ်းချမ်းရေးရှိတဲ့ဒေသဖြစ်တယ်။ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ စုပေါင်းနေထိုင်ပေမယ့်လည်း တိုင်းဒေသကြီးသည် အေးအေးချမ်းချမ်းနဲ့ အတူတကွ လက်တွဲနေထိုင်ကြတဲ့ တိုင်းကြီးတစ်တိုင်းဖြစ်တယ်။ တိုင်းဒေသကြီးမှာ လူငယ် လုပ်ငန်းရှင်တွေ၊ စီးပွားရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေ တော်တော်များများ လည်းရှိတယ်။ ဒါအတွက်ကြောင့် တိုင်းဒေသကြီးသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းတွေ အများကြီးရှိတဲ့ နေရာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဒီလိုပွဲမျိုး စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က ပြောသည်။
ရင်းနှီးမြုပ်နှံမှုဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကော်မတီများနှင့် အထောက်အကူပြု လုပ်ငန်း ကော်မတီများမှ ကော်မတီများအလိုက် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပမည့် နေရာများ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၂၆)ရက် ညနေပိုင်းက ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြပွဲများ၊ ဆွေးနွေးပွဲများ၊ အကျိုးတူပူးပေါင်းရေး စာချွန်လွှာလက်မှတ်ရေးထိုးပွဲ များကို ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲများတွင် ပြခန်းပေါင်း(၁၀ဝ)ခန်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဖိုရမ် လာရောက် ကြမည့် ဧည့်သည်များကို မြိတ်ခရိုင် အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာရေး ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


